သမုဒယ အမော

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲

📜 သမုဒယ အမော
👤 楊承明 (YANG CHENG MING)

(၁)

သက်မျှကြင်သူ၊ တစ်ယောက်လူကို

ခုမူမြေရှည်၊ အောက်မေ့သည်ကြောင့်

နှစ်ရှည်လရက်၊ နိုးတစ်ဝက်နှင့်

အိပ်မက်တစ်ဆစ်၊ ကြွင်းကျန်ရစ်သည့်

အချစ်ပန်းကုံး၊ ဖွဲ့သီနှုန်းမည်။      ။

***

(၂)

၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်၊ ထိုင်ပေ။

ယနေ့မေဒေး။ သုံးရက်ဆက်တိုက် ရုံးပိတ်၍ တစ်ယောက်တည်းအိမ်မှာ ပျင်းရိငြီးငွေ့လာသဖြင့် ကော်ဖီတစ်ခွက် ဖျော်သောက်ရင်း ဝန်ကြီးချုပ်ဟောင်း ဦးနု၏ အတ္ထုပ္ပတ္တိ “တာတေစနေသား” စာအုပ်ကို စာအုပ်စင်ပေါ်မှ ဆွဲယူပြီး ဧည့်ခန်းမ ဆိုဖာလက်ရန်းပေါ် ခေါင်းအုံးတစ်လုံးခုကာ လဲလျောင်း၍ ဇိမ်ပြေနပြေ လှန်လှောဖတ်ရှု နေတော့၏။

စာအုပ်ဖတ်ရင်း လက်ကမချနိုင်အောင် အထူးစိတ်ဝင်စားမိသည်မှာ…

ကိုနု တက္ကသိုလ်ကျောင်းသားဘဝတုန်းက ကျောက်ဖြူသူစီစီအောင်အား တစ်ဖက်သတ် ချစ်ကြိုက်ခဲ့သည့်အကြောင်း။ နောင်နှစ်ပေါင်း ၃၀ ကျော် ဝန်ကြီးချုပ်ဦးနုဘဝအဖြစ် တာဝန်ထမ်းဆောင်စဉ် ကျောက်ဖြူရောက်ခိုက် စီစီအောင်ကို တွေ့အောင်ရှာဖွေတွေ့ဆုံခဲ့ပြီး ကြာခင်မှာပဲ စီစီအောင် သေဆုံးသွားကြောင်း၊ ထိုသတင်းဆိုးကို ကြားသိလိုက်ရသောဝန်ကြီးချုပ်ခမျာ စကားမပြောနိုင်အောင် စိတ်ထိခိုက်မိကြောင်း… တို့ပင်တည်း။

ဤအချိန်၌ ကျွန်တော့်ရင်ထဲ လှိုက်ခနဲ၊ ဖိုခနဲ ခံစားမိ၏။ သက်ပြင်းငွေ့ငွေ့တစ်ချက် ရှိုက်လိုက်သည်။ စာဆက်ဖတ်ချင်စိတ် မရှိတော့သဖြင့် စာအုပ်ကို ရင်ဘတ်ပေါ်တင်၊ မျက်စိအစုံ မှိတ်လိုက်သည်နှင့် တပြိုင်နက် “ကြည်” ဆိုသောမိန်းမပျိုက ကျွန်တော့်အာရုံထဲ ဗြုန်းခနဲ ပေါ်လာတော့၏။ 

တဆက်တည်း မြင်ယောင်မိသည်မှာ… ကျွန်တော့်ကိုကျောခိုင်းလျက် လေဟုန်စီးနေသယောင် နိမ့်တုံမြင့်တုံဖြင့် ဝေးရာဆီ ခပ်သွက်သွက်ပြေးလွှားနေသည့် “ကြည်” ။ ကျွန်တော် နောက်မှနေ၍ ရှုတမျှော်ချေ ငေးမောတွေဝေမိ၏။ အိစက်ဖောင်းကြွသောတင်သား၊ ကျစ်လှစ်ကျဉ်သွယ်သည့်ခါးနှင့် ဖွံ့ဖွံ့ထွားထွားကိုယ်လုံးကိုယ်ထည်။ မြတ်နိုးစုံမက် နှစ်လိုဖွယ်။

ပြေးရင်းလွှားရင်း ကျွန်တော့်ဘက်ဆီ ဆတ်ခနဲသမင်လည်ပြန် လှည့်အကြည့်မှာ ရင်ညွန့်သာသာရှည်လျားပြီး ဖားလျားချထားသော သူ့ဆံနွယ်စတွေလည်း လေထဲဝေ့ရမ်းဖြန့်ကျက်၊ လှုပ်ခတ်လွင့်မျောနေပုံကား တံငါသည်က ပိုက်ကွန်ကို ကျင်လည်စွာ ပစ်ထုတ်လိုက်သည့်နှယ် ရှုမငြီးဖွယ်လှပချင်တိုင်း လှပနေလေတော့၏။ ကျွန်တော့်နှလုံးသားသည်လည်း သူ့ဆံနွယ်စ ကွန်ရက်အောက်မှာ တုတ်တုတ်မျှမလှုပ်သာ။ မယှက်သာ။ ဆွဲငင်ခေါ်ဆောင်ရာ အတိတ်ဆီသို့ တစ်ကျော့ပြန် ထွင်းဖောက်ဝင်ရောက် လေမိတော့၏။ 

***

(၃)

ဝေးကွာခဲ့ပြီဖြစ်သော ကျွန်တော်နှင့်ကြည်၏ ပျော်ရွှင်ဖွယ်ကျောင်းသားဘဝ။

အလယ်တန်းမှအထက်တန်းအထိ။ ထိုမှ ရန်ကုန်တက္ကသိုလ် ဥပဒေပညာ ၅ နှစ်တာ။

ကျောင်းတူ၊ အတန်းတူ၊ အခန်းလည်းအတူတူ။

မမေ့နိုင်သေးသည်မှာ ၈ တန်းတုန်းက လူပျိုဖေါ်ဝင်စအရွယ် ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားလာတတ်ရမှန်း သိတတ်ခါစ ပြစ်မှာမစက် ဆယ်ကျော်သက်အချိန်က ကြည့်ကို ကျွန်တော်ပထမဦးဆုံး တွယ်တာမိ၏။ မြတ်နိုးမိ၏။ စုံမက်မိ၏။ တနည်းဆိုသော် အိပ်မက်ဆန်ဆန် လှပသည့် စိတ်ကူးယဉ် အချစ်ပန်းကုံးကို ကျွန်တော်စတင် သီကုံးမိပြီ။

ဤသို့ဖြင့် သူ့အပေါ် နှောင်တင်းမိသည့် သံယောဇဉ်ကြိုးသည် သာမန်ကျောင်းနေဖက် သူငယ်ချင်းတွေသာ ရှိသင့်ရှိထိုက်သော ချစ်ခင်ရင်းနှီးမှုဘောင်တွေ၊ စည်းတွေကိုချုုိးဖောက်ကာ ဘယ်နှစ်ဘူတာအထိ ကျော်လွန်ခဲ့ပြီမှန်း ကျှွန်တော်မသိ။ 

သတိမူမိလိုက်ချိန်မှာ… ၁၀ နှစ်နီးပါး ကျွန်တော့်နှလုံးသားဝိညာဉ်ကို သယ်ဆောင်လာသော မေတ္တာရထားသည် ချစ်သူ ကြိုနှင့်စောင့်မျှော် ထွေးပိုက်င့ံလင့်မည့်  နဖူးစာဘူတာအရောက်၌ ကျွန်တော်မဆင်းဖြစ်။ မဆင်းခဲ့။

စင်စစ် နဖူးစာဘူတာ၌ မဆင်းနိုင်အောင်ကျွန်တော့်ကို ဟန့်တားခဲ့သည်မှာ အထက်တန်း စာမေးပွဲတွင် စက်မှုတက္ကသိုလ်ဝင်ခွင့် အမှတ်မီပါလျက်နှင့် နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ တရုတ်နွယ်ဖွားကျွန်တော်က ဆေး၊ စက်မှု၊ စီးပွားရေး … စသည့် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များ တက်ရောက်ခွင့် မပြုသည့် ဥပဒေကန့်သတ်ချက်ကြောင့်ပင်။ သို့ပါ၍ စက်မှုတက္ကသိုလ် ဝင်ခွင့်မရ။ ဝမ်းနည်းစွာ လွဲခဲ့၏။ သည်လွဲချော်မှုကြောင့် ကျွန်တော့်ဘဝသည် ပြင်းထန်သော မုန်တိုင်းဒဏ်တစ်ရပ်ကို ခံလိုက်ရသည့်နှယ်ပင်။ ခဲလေသမျှ သဲရေကျသည့် အဖြစ်မျိုး။ ထန်းလည်ဇက်ကျိုးသည့် အဖြစ်ဆိုး။ ရှေ့ဆက်ရမည့် ကျွန်တော့်ပညာရေးခြေလှမ်းကိုပင် အိုးနင်းခွက်နင်း ဖြစ်စေတော့သည်။ 

သည်အဖြစ်ဆိုးကို ဖာထေးရန် ကြံရာမရ သွက်သွက်လည်နေချိန် ထိုင်ဝမ်သို့ ထွက်ခွာသွားသော အတန်းဖော် ဆုန့်ဖျင်လွန်(宋平倫) ကို ပြေးသတိရ၏။ သည်တော့ ထိုင်ဝမ်မှာ ကျောင်းဆက်တက်ရန် မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း စာရေးဆက်သွယ်၏။ အကူအညီတောင်း၏။ 

အကယ်၍ ကျွန်တော် ထိုင်ဝမ်သွားချင်ပါမူ ထိုင်ဝမ်တွင် အုပ်ထိန်းသူတစ်ဦးလိုအပ်ကြောင်း၊ သူ့အမက ကျွန်တော့်အုပ်ထိန်းသူအဖြစ် တာဝန်ခံ လုပ်ပေးနိုင်ကြောင်း မကြာခင် ဆုန့်ဆီမှ ပြန်စာလက်ခံရ၏။ သူ့စာကြောင့် လိုဏ်ဂူထဲပိတ်မိနေသူက မှေးမှိန်ဖျော့တော့သော အလင်းတန်းတစ်စကို မြင်တွေ့လိုက်သည့်နှယ် ကျွန်တော်အတိုင်းမသိ ဝမ်းသာမိ၏။

တပြိုင်နက်ထဲ ထိုင်ဝမ်တွင် ပညာသင်ကြားနိုင်ရန် လိုအပ်သည်များကို စတင်ပြင်ဆင် တော့သည်။ ကျောင်းဝင်ခွင့်လျှောက်လွှာ တင်တော့သည်။ ကံအားလျော်စွာပင် ၁၉၈၁ ခုနှစ်တွင် ထိုင်ဝမ်အမျိုးသား တက္ကသိုလ်တွင် ကျောင်းဝင်ခွင့်ရခဲ့သည်။

ထိုင်ဝမ်သွားရန် စိတ်နှလုံးတုံးတုံးချလိုက်တော့၏။

စင်စစ် ထိုခေတ်၌ မြန်မာနိုင်ငံမှ ထိုင်ဝမ်သို့ လာရောက်ပညာသင်ကြားသော Overseas Chinese Students များသည် ရန်ကုန်လေဆိပ်တွင် နိုင်ငံကူးလက်မှတ်ပေါ် Leaving for good (အပြီးအပိုင်ထွက်ခွာခြင်း) တံဆိပ်ခတ်နှိပ်၍ ထွက်လာခဲ့ရပါသည်။ နောင် မြန်မာနိုင်ငံသို့ ပြန်ဝင်ခွင့်မရ။ ဆွေပစ်မျိုးပစ် ထွက်ခွာလာရသည်ချည်းပင်။ 

မည်သို့ဖြစ်စေ ပညာရေးတွင်သာ တစိုက်မတ်မတ် စူးစိုက်နစ်မြုပ် အာရုံပြုနေသောကျွန်တော်သည် မိဘ၏ချစ်ခြင်းမေတ္တာ၊ မောင်နှမ၏သံယောဇဉ်နှင့် ချစ်မြတ်နိုးသူ၏ သမုဒယ တွယ်တာမှုကိုပါ ဥပေက္ခာပြုကျောခိုင်းကာ ပညာဆက်လက်ဆည်းပူးရန် ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲကို နှလုံးသွင်းပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် တိမ်သလာနှယ် မသေချာမရေရာသည့် ဝေးလံလှသော မိုးကုတ်စက်ဝိုင်းဆီသို့ ကျွန်တော်လွင့်မျောလိုက်ပါ လာခဲ့တော့သည်။ ၂၆-၀၈-၁၉၈၁ ရက်နေ့၊ လေကြောင်းဖြင့် လိုက်ပါလာသော ကျွန်တော်သည် လေယာဉ်ပေါ် ရေးစပ်ခဲ့သော “ဖော်မိုဆာသို့” ကဗျာကို ယနေ့ထိ အမှတ်ရဆဲ။

“ဖော်မိုဆာသို့”

သန်းခေါင်လမိုက်၊ မှောင်တိဆိုက်စေ

လှောင်မြိုက်ကံဆိုး၊ ကြမ္မာငြိုးစေ

မိုးလေကြော့ကြမ်း၊ သိုက်မြုံနန်းမှ

ထွက်လမ်းကိုသာ၊ ငါကြိုးရှာရင်း

ဆင်းနီရောင်ဝင်း၊ အရုဏ်ကျင်းတော့  

လွတ်ကင်းထွက်ခွာ၊ ဖော်မိုဆာသို့။   ။  

ထိုင်ဝမ်ရောက်တော့ အလုပ်တစ်ဖက်နှင့် ကျွန်တော့် ပညာရေးရည်မှန်းချက်အိပ်မက်ကို ခဲရာခဲဆစ် ရုန်းရင်းကန်ရင်း ရင်ဆိုင်ရင်းဖြင့် ဆုံးခန်းတိုင်အောင် အကောင်အထည်ဖော်ခဲ့သည်။ 

ဤတွင် ကျွန်တော့်အဖြစ်ကို သစ်ပင်တစ်ပင်ဖြင့် ခိုင်းနှိုင်းအ့ံ။ မြန်မာနိုင်ငံသည် ကျွန်တော့်ကို အရွယ်ရောက်အောင် မြေဆွစိုက်ပျိုး၊ ရေလှောင်းပေါင်းသင်ပြီး ပျိုးထောင်ခဲ့သည့် ဇာတိချက်ကြွေ မွေးရပ်မြေ။ တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုသည့်အတိုင်း ကျေးဇူးတရား ကြီးမားလှပေစွ။ ထို့အတူ ထိုင်ဝမ်သည် ကျွန်တော်အား ပုံဖော်အချောကိုင်၊ တိုက်ချွတ်အရောင်တင်ပေးရာ ဒုတိယဌာနေ။ ကျေးဇူး အနန္တ။  

ဤသို့ဖြင့် မြန်မာနိုင်ငံမှ ထိုင်ဝမ်သို့ လှမ်းခဲ့သော ခြေလှမ်းသည် နောင်အရှည်မှာ ကျွန်တာ့်ဘဝကို ဗြုန်းဗြင်းဆန်ခတ်အောင် ကျွမ်းထိုးမှောက်ခုံ ပြောင်းလဲပစ်စေအ့ံမည့် ခရီးဖြစ်ကြောင်း ငယ်ရွယ်စဉ် ထိုအချိန်၊ ထိုကာလ ကျွန်တော်စိုးစဉ်းမျှ မရိပ်မိလိုက်သည်မှာ အမှန်ပါ။ ဘွဲ့ရပြီး အလုပ်လုပ်၊ အိမ်ထောင်ပြု၊ သားမွေး…။ ယခု မိသားစုနှင့်အတူ ထိုင်ပေတွင် အေးချမ်းစွာ နေထိုင်လာခဲ့သည်မှာလည်း နှစ်ပေါင်း ၄၀ တင်တင်းပြည့်ပါပြီ။ သြော်… ဝေးရပ်ပြည်ရွာ ဖော်မိုဆာသို့ ထွက်ခွာလာခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့ပြီပကော။ တချိန်က ထိုင်ဝမ်သို့ လှမ်းခဲ့သော ပထမခြေလှမ်းသည် ယခုမှာမူ နောက်ဆုံးခြေလှမ်းလည်း ဖြစ်တန်ရာ၏။

ပြန်စဉ်းစားကြည့်တော့ လူ့ဘဝသည် ရယ်စရာလည်းကောင်း၏။ ၅၀ စုနှစ်နှောင်းပိုင်း မဟာခုန်ပျံကျော်လွှား စီမံကိန်းကာလ၌ ငတ်မွတ်ခေါင်းပါးမှုဒဏ်မှ လွတ်မြောက်ရန် မိဘနှစ်ပါးက တရုတ်ပြည်ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ သိမ်းရှောင်လာခဲ့ကြသည်။ ကျွန်တော်က ရှမ်းပြည်နယ်တွင် မွေးဖွားသည်။ ပြီးခဲ့သောသုံးနှစ်ခန့် အဖေလည်း မြန်မာပြည်တွင် နှစ်ပေါင်း ၆၀ ကျော်ခိုလှုံရင်း ခေါင်းချသွားရှာပြီ။ သည်တော့… မိဘ၏နောက်ဆုံး လေလွင့်ရာဒေသသည် ကျွန်တော့်၏ ဇာတိမြေ။ အလားတူ ကျွန်တော့်၏ နောက်ဆုံး သောင်တင်ရာအရပ်သည် ကျွန်တော့်မျိုးဆက်သစ်၏ မွေးရပ်မြေ။ ဘဝသံသရာဟူသည် ဤအရာပေလော။

အတားအဆီးမဲ့ ဆွဲဆန့်လွင့်မျောလာသော အတွေးမျှင်က တစ်စတစ်စ ဝေဝါးထွေပြားလာ၏။ စိတ်အလျဉ်လည်း တောင်စဉ်ရေမရ ပြတ်တောင်း ပြတ်တောင်းနှင့်။ 

အတွေးလေလော အိပ်မက်လော ဝေခွဲမရချင်တော့…။ မရနိုင်တော့။

***

(၄)

တစ်နေ့သ၌ နေဝင်ဖျိုးဖျအချိန်။

ကြည်ကိုတွေ့လိုသောဆန္ဒဇောဖြင့် ကျွန်တော်စီးနေကျ မောင်ဗမာစက်ဘီးကို ခပ်သွက်သွက်နင်းကာ သူ့အိမ်ဘက်ကို ထွက်လာခဲ့၏။ ကျွန်တော်တို့က တစ်ရပ်ကွက်ထဲ။ အနီးကလေး။ ၃ မိနစ်တောင် မလိုသည့်ခရီး။

သို့တစေ…သည်တစ်ခေါက် တော်တော်နှင့် မရောက်နိုင်။ 

ပဇာကြောင့်မသိ။ စက်ဘီးနင်းရင်းနင်းရင်း နီကြန့်ကြန့် တောင်ကမူပြေပြေကို တက်လိုက်၊ မှိုင်းအုံ့အုံ့လျှိုမြောင်ချိုင့်ဝှမ်းကို ဆင်းလိုက်၊ ဖြူလွှလွှတံတားကို ကျော်လိုက်နှင့် နောက်ဆုံး စိမ်းလဲ့လဲ့ဝါးရုံတောစပ် တစ်နေရာ၌ သူ့အိမ်ကိုရှာတွေ့မိ၏။

မောဟိုက်ပင်ပန်းရမှန်း ကျွန်တော်မသိ။ ဝမ်းသာအားရဖြင့် ခြံဝကနေ သူ့နာမည်ကို တကျော်ကျာ် အော်ခေါ်မိ၏။ မရှေးမနှောင်းမှာပင် သူအိမ်မှလှမ်းထွက်လာ၏။ ဆံပင်ရှည်ရှည် ကြော့ကြော့ရှင်းရှင်းနှင့် မပြုံးမရီ တည်တည်ကြည်ကြည် တစ်လှမ်းချင်း လျှောက်လာသည့် ကြည်ကို ခြံတံခါး အပြင်ဘက်ကနေဆီး၍ ကျွန်တော်တငေးတမော ကြည့်မိ၏။

သူ ခြံဝအရောက် တံခါးကို ခေါင်းပြူထွက်နိုင်ရုံသာဟ၍ ပြောလိုက်သည်မှာ  “ဦး…။ မေမေ မရှိတော့ဘူး။”ဟူသတတ်။ ကျွန်တော်အ့ံအားသင့်သွား၏။ နင်..ကြည်အစစ်။ ကျွန်တော့်ကို မလိမ်ညာသင့်ဟု မည်မျှပင်ပြောဆိုစေကာမှု သူ ကြည်မဟုတ်ကြောင်း ခေါင်းကိုသာ    သွင်သွင်ခါ၍ ငြင်းဆန်နေ၏။ ကျွန်တော်စိတ်မရှည်တော့။ စက်ဘီးကိုဒေါက်ထောက်ကာ သူ့အနီးသို့ လျှောက်သွားရန် ခြေလှမ်းပြင်နေချိန်မှာ ခြံတံခါးကို သူ ဝုန်းခနဲမြည်အောင် ဆောင့်ဆွဲပိတ်၍ ချာခနဲလှည့်ထွက်သွားလေတော့၏။ 

ဝုန်းခနဲမြည်သံကြောင့် ကျွန်တော်ကယောင်ကတမ်း လန့်ဖျပ်ပြီး ဖျတ်ခနဲလန့်နိုးလာ၏။

ဆိုဖါပေါ်လူးလှဲထအထိုင်မှာ ကြမ်းပြင်ပေါ် တစ်စုံတစ်ရာ လျောကျသံကြား၍ ငုံ့ကြည့်လိုက်ရာ “တာတေစနေသား” စာအုပ်ကို မြင်တွေ့လိုက်မှ စာဖတ်ရှုရင်း အိပ်ပျော်သွားကြောင်း သတိမူမိ၏။ 

အိပ်မက်မှရုန်းထွက်နိုးထလာသော ကျွန်တော်သည် ရင်တလှပ်လှပ် တဒိတ်ဒိတ်ခုန်နေ၏။ မောဟိုက်ပင်ပန်းလျက် ရေကိုအငမ်းမရ ငတ်မွတ်တောင့်တမိရာ စောစောက ဆိုဖားရှေ့ စားပွဲပေါ်တင်ထားသော ကော်ဖီခွက်ကိုလှမ်းယူ၍ တစ်ကျိုက်မော့ချလိုက်၏။ သြော်… ကော်ဖီတောင်အေးစက်နေပြီပကော။ 

မည်မျှကြာအောင်အိပ်မက်မက်မိသည်ကို ကျွန်တော်မသိ။ ရေခြားမြေခြား ကမ္ဘာခြားခဲ့ပြီဖြစ်သော ကြည်သည် အိပ်မက်ထဲမှာပင် ကျွန်တော့်ကို အတွေ့မခံနိုင်အောင် ရင်နာစိမ်းကား နေလေရော့ပြီလား။

ကြမ်းပြင်ပေါ်က “တာတေစနေသား” စာအုပ်ကို ကောက်ယူကာ စားပွဲပေါ်ပစ်တင်လိုက်ရင်း ဦးနုနှင့် စီစီအောင်အကြောင်းကို ပြန်တွေးမိ၏။ ဦးနုသည် သူမြတ်နိုးခဲ့သူ စီစီအောင်ကို အရဖွေရှာကာ တွေ့ဖြစ်အောင် တွေ့နိုင်ခဲ့ခြင်းသည် ဆန္ဒတစ်ဝက်တော့ ပြည့်ဝသွား၏။ ဖြေသာပါ၏။

မဖြေသာနိုင်သည်မှာကျွန်တော်သာ။ ကြည်… ဘယ်ရပ်ဘယ်နယ်၊ ဘယ်ဆီဘယ်ဝယ် ရောက်နေအ့ံ။ ကျန်းခန့်သာ၍ မာပါစ။ အိပ်မက်ထဲက “မေမေ မရှိတော့ဘူး” ဆိုသည့်အတိုင်းနှယ်များ… ။ ကျွန်တော် ဆက်မတွေးဝ့ံတော့…။ ဥုံဖွ… လွဲစေ…။

ပြောရဦးမည်ကြည်။ ခေါင်းမာပြီး မခံချင်စိတ်ပြင်းပြသည့် ကျွန်တော့်ကို ထိုင်ဝမ်မသွားရန် နားချ၊ ဖျောင်းဖျ၍မရသည့်အဆုံး ထွက်လာခါနီး ဆင်မြီးလက်စွပ်တစ်ကွင်းကို ကြည်က နောက်ဆုံးလက်ဆောင်အဖြစ် ပေးခဲ့ဖူးသည်။ “ဆင်ပြောင်ကြီး အမြီးကျမှတစ်” ဆိုသောစကားပုံကို သတိပဌာန်ပြုမိ၍ နှမလက်လျှော့ နေလေတော့မည်ဟု ကြည်က ကြိုတင် စောင်းပါးရိပ်ခြေ ပြသလိုသည့်သဘောဖြင့် တမင်တကာ ပေးခဲ့ခြင်းပေလော။ ကျွန်တော်မသိ။ ပဟေဠိ။ ဘွဲ့ရခါနီးတစ်ည အဆောင်မှာစာဖတ်ရင်း ကြည်ပေးခဲ့သည့် လက်စွပ်ကိုကြည့်ရင်း သံပေါက်ကဗျာတိုတစ်ပုဒ် ရေးစပ်ခဲ့ဖူး၏။ 

*ဆင်မြီးလက်စွပ်*

လဖျင်နှစ်ဆင့်

ရောင်ပြယ်လွင့်လည်း

သခင့်ဘယ်ဆီ မသိသည်။.    ။

အချိန်၏တိုက်စားချေဖျက်မှုကြောင့် လက်စွပ်ငယ် အရောင်လွင့်ပြယ်စပြုလာလင့်ကစား 

ငယ်ရွယ်စဉ်တယုတယ ပိုးကြိုးစဖြင့် ရွရွကုံးသီခဲ့သော အချစ်ပန်းကုံးကား နက်ရှိုင်းသည့် အသည်းထောင့်တစ်နေရာတွင် သိုဝှက်ထားဆဲ။ လက်စွပ်ငယ်ကိုလည်း ယနေ့ထိ အမြတ်တနိုး သိမ်းဆည်းထားဆဲ။ 

ဇရာအိုတယောက်အနေဖြင့် အတိတ်ရက်က ဝမ်းနည်းကြေကွဲမှုကို ပြန်ပြန်သတိရတိုင်း ပြုံးပျော်ရယ်မောခြင်းအဖြစ် ကြွင်းကျန်၍သာ နေရစ်နိုင်မည်ဆိုပါမူ…။ 

ခုမှာတော့ ပျော်ကြောင်းဖြေလည်း မပြေလိုလှ ရော်တွက်ဆ၍ ကြည့်ကို လွမ်းမောတမ်းတ သတိရရင်း နှလုံးသားမှ ပေါက်ဖွားလာသည့် “သမုဒယ အမော” ကဗျာတစ်ပုဒ်ကို ကျွန်တော် ရေးစပ်မိ၏။ ရေးလိုက်၊ ပြင်လိုက်၊ ကာရန်ပြန်ညှိလိုက်ဖြင့် နောက်ဆုံး အချောကိုင် အဆုံးသတ်လိုက်မှ ရင်ထဲ ပေါ့ပါးသွားသယောင်။ 

ပြီး… ကဗျာစာရွက်ကို တုန်ယင်သော လက်နှစ်ဖက်ဖြင့်ကိုင်၍ ရင်မောနွမ်းလျစွာ ဖတ်ရှုနေ၏။ ဖတ်ရင်းဖတ်ရင်း လွမ်းဆွတ်နာကျင်မှု ဒီရေလှိုင်းသည် တရိပ်ရိပ် ထန်လာသည်နှင့်အတူ ကဗျာစာသားတွေလည်း ကြည်လင်ရာမှ တစ်စတစ်စ ဝေဝါးမှုန်မွှား လာတော့၏။ ထိုမှ၊ လေထဲ အစိတ်စိတ်အမွှာမွှာ လွှင့်စင်ဝေ့ဝိုက် ဝဲပျံနေသယောင်။ ဘာဆိုဘာမျှမမြင်တော့။ စက္ခုနှစ်ကွင်း အမြင်မရှင်း ချို့ယွင်းအားနည်းမှုကြောင့်တော့ မဖြစ်တန်ရာ။ မျက်ဝန်းငွေရည် ဝိုင်းလို့သာ…။ သြော်… စိတ်၏စေရာ သမုဒယ အမောပါ။

* သမုဒယ အမော * 

တစ်သက်တစ်ခါ၊ တစ်ယောက်သာတည့်

တွယ်တာမြတ်နိုး၊ ရည်မျှော်ကိုးလျက်     

ချစ်ကြိုးနှောင်ရစ်၊ ငယ်ဖော်ချစ်ကို 

နှစ်လေးဆယ်ညောင်း၊ လွမ်းသစ်လှောင်း၍

တစ်နေ့တစ်နေ့၊ ကျွန်းမြေ့မြေ့နှင့်  (မြည့်) 

မမေ့နိုင်သည် နှမ“ကြည်”။ 

မလှည့်သာပြီ အတိတ်ဆီ။

ဖြေဖြည့်မတည် ဝေးဌာနီ။    ။

မောင်ရှင်

***

ရှင်းလင်းချက်။   ။ 

၁။ သမုဒယ= တပ်မက်မှု=眷戀。

၂။ မဟာခုန်ပျံကျော်လွှား စီမံကိန်း= 大躍進。

၃။ ဆင်မြီးလက်စွပ်= ဆင်မြီးမှ အမွေးအမျှင်ဖြင့် ပြုလုပ်သည့် လက်စွပ်တစ်မျိုး။

၄။ သံပေါက်ကဗျာ= စာကြောင်း ၃ ကြောင်းပါ လင်္ကာတိုတစ်မျိုး။

၅။ FRC= Foreign Registration Card (နိုင်ငံခြားသား စိစစ်ရေးကတ်ပြား)။

၆။ ဖော်မိုဆာ= ၁၆ ရာစုခန့်တွင် ပေါ်တူဂီလူမျိုးက ထိုင်ဝမ်ကျွန်းကို “”ဖေါ်မိုဆာကျွန်း””

(Ilha Formosa=Beautiful Island) ဟု တင်စားခေါ်သွင်ခဲ့သည်။


📝 သုံးသပ်ချက်များ။ ။ Daw Kay Thwe Soe 高美菁

စာရေးသူ ဖတ်နေတဲ့စာအုပ်ထဲမှ ချစ်သူချင်း အကြောင်းမတိုက်ဆိုင်လို့ ဆုံဆည်းခွင့် မရခဲ့ပုံကို ဖတ်ရင်း သူ့အဖြစ်အပျက်နှင့်တိုက်ဆိုင်နေမူကြောင့် အနှစ်နှစ်အလလက သူ့စိတ်ထဲ မျိုသိပ်သိမ်းဆည်းနေခဲ့ရပုံကို ရေးသားထားသည်မှာ ထိရောက်လှပါတယ်။ ထိုင်ဝမ်ရောက်ပြီး ကြာမြင့်သည့်တိုင်အောင် မြန်မာပြည်မှာ ထားခဲ့ဖူးတဲ့ ရည်စားဦးကို တသသ လွမ်းမောသောစိတ်ကေ​ြာင့် သူ့အိမ်မက်ထဲခဏခဏဝင်ရောက်လာပုံ၊ လွမ်းမောတမ်းတမူကို ရင်ထဲမှာ ထွေးပိုက်ရင်းနဲ့ တနေ့နေ့မှာ မြန်မာပြည်ပြန်ပြီးသွားတွေ့ချင်နေပုံ ဖတ်ရသူရင်ထဲကို တမေ​ြ့မြေ့ရောက်ရှိသွားအောင် ရေးသားတင်ပြထားသော ရင်တွင်းခံစားရမူလေးဖြစ်ပါတယ်။

📝 သုံးသပ်ချက်များ။ ။ Lily ThanTin 彭霓霓

သမုဒယအမောသည် သရုပ်မှန်စကားပြေတစ်ပုဒ်ဖြစ်ပါသည်။ အတိတ်နှင့် ပစ္စုပ္ပန်ကို တစ်လှည့်စီ ဖော်ပြချိတ်ဆက် ၍ ရေးသားထားသော စကားပြေတစ်ပုဒ်ဖြစ်ပြီး ရွှေ့ပြောင်းနိုင်ငံသားတစ်ဦး၏ အခြေခံရပိုင်ခွင့် နစ်နာမှုများနှင့် ချစ်ကံခေမှုကို မီးမောင်းထိုးပြထားသည်။

တည်သောခန့်သော စကားပြေအရေးသားကို အခြေပြုထားသော်လည်း အချို့နေရာများတွင် ထည့်သွင်းထားသော အကွန့်အညွှန့်အဖွဲ့အနွဲ့လေးများကလည်း ဇာတ်ကြောင်းပြန်ခြင်းကို ချစ်စရာ ကောင်းစေပြန်သည်။

မည်မျှပင်အိုမင်းသွားစေကာမူ၊ ကာလံဒေသံမည်သို့ပင် ပြောင်းလဲစေကာမူ မြန်မာပြည်က ငယ်ချစ်ကို တမ်းတသည့်စိတ်မှာ မပြောင်းလဲနိုင်သေးကြောင်း စကားပြေက ဖော်ပြနေသည်။ ထိုသို့ဖော် ပြရာတွင် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဦးနုရေးသားသည့် စာအုပ်မှ ဇာတ်လမ်းတစ်ကွက်ကို ဖတ်ရှုဆက်စပ်စဉ်းစားမိသည်နှင့် ချိတ်ဆက်ပြီး အတိတ်ကမ္ဘာသို့ အတွေးမှတစ်ဆင့်၊ အိပ်မက်မှတစ်ဆင့် သွားရောက်ပုံကိုတင်ပြထားသည်။

တရုတ်ပြည်တွင် ပြုလုပ်ခဲ့သည့် ခေတ်ကာလအပြောင်းအလဲတစ်ခုဖြစ်သည့် မဟာခုန်ပျံ ကျော်လွှား စီမံကိန်းကြောင့် မိသားစုလိုက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာရကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြား သားနေထိုင်သူကတ် ကိုင်ဆောင်သူများသည် တက္ကသိုလ်သို့ ဝင်ခွင့်မရကြောင်းစသည်ဖြင့် ရွှေ့ပြောင်းနိုင်ငံသားများကြုံရသော ဒုက္ခများကို ဖော်ပြထားသည်။ သို့သော် မြန်မာနိုင်ငံသည် မွေးရပ်ဇာတိနှင့် ခိုလှုံခွင့်ပြုသည့်နိုင်ငံအဖြစ် ကျေးဇူးတရားကို အသိအမှတ်ပြုပြီး ထိုင်ဝမ်သည်လည်း ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အ လမ်းပေးသော နိုင်ငံဖြစ်ကြောင်း အသိအမှတ်ပြုသည့် အကောင်းမြင်သဘောတရားများကို စကားပြေတွင် ထည့်သွင်းဖော်ပြထားသည် ။

စကားပြေဟု ဆိုသော်ငြားလည်း အချို့နေရာများတွင် အကျိုးအကြောင်းဆက်စပ်သည့်အခါ မြန်မာခေတ်ဦး လင်္ကာကဗျာများကိုပါ ထည့်သွင်းဖော်ပြထားသေးသည်။ အဆိုပါကဗျာများသည် ယနေ့ ခေတ်ကဗျာလောကတွင် အတွေ့ရနည်းသွားပြီး ရေးသားသူလည်း ရှားပါးသွားပြီဖြစ်သည်။ သမုဒယအမောစကားပြေသည် စာဖတ်သူမပျင်းရိရအောင် အချိတ်အဆက်မိမိဖြင့် ရေးသားထားသည့် စကားပြေတစ်ပုဒ်ဖြစ်ပြီး ရွှေ့ပြောင်းနိုင်ငံသားများခံစားရသည့် ခံစားချက်ကို အဓိက သရုပ်ဖော်ထားသော စကားပြေကောင်းတစ်ပုဒ်ဖြစ်ပါသည်။