အိပ်မက်တွေ အတောင်စုံတဲ့နေ့

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲

📜 အိပ်မက်တွေ အတောင်စုံတဲ့နေ့
👤 မောင်ရဲဝင်အောင်

အမေအိုကြီးရှိတဲ့ အိမ်အိုလေးဆီ
အပြေးခြေလှမ်းတွေ ပို့မယ်

နားမငြီးရဘူး အမေ
စစ်ပွဲမရှိတဲ့ ငြိမ်းချမ်းရေးတရားမှာ
သားတိုက်နေတဲ့ စစ်ပွဲအကြောင်းကိုပြောပြမယ်
သူဌေးတစ်ယောက်ရဲ့ အနာတရတွေပါပဲ အမေ
ဆားသိပ်ထားတာတွေတော့ သိပ်များတယ်

သားပြန်လာဖြစ်ခဲ့ရင်
နိုင်ငံတော်ကြီးကို သားနေထိုင်ရမှုအကြောင်းတိုင်ပင်မယ်
တိုးတက်မှုတွေအကြောင်း တရားဟောမယ်
အမေပေးတဲ့ မုန့်ဖိုး ၁၀၀၀ ကိုလွမ်းတယ်

ဘဝဟာ ဘဝလို့ သတ်မှတ်ခံခြင်းထဲ
သား ဆေးလိပ်အတိုလေးကို ကောက်ဖွာမိတယ် အမေ
သူတို့နိုင်ငံမှာ ဆေးလိပ်တိုတောင် လမ်းပေါ်မှာကောက်မရအောင်ရှားတယ်

အိမ်ခေါင်မလုံတဲ့ မိုးရေပေါက်လေးအား
လွမ်းမိတယ် အမေရယ်
သားက အိမ်သာခေါင်မိုးမှာ ကပ်အိပ်နေတတ်တာ

အမေဆုံးမတဲ့ ငါးပါးသီလလေးတည်ချင်ပါတယ် အမေ
သားနေရတဲ့ ဘဝက လူကိုလူခြင်းသတ်မှ အမေ့ဆီပြန်ရောက်မယ့် ဘဝ

ပညာနည်း ဥာဏ်မွဲတဲ့ အမေ့သားပါလေ
ဥပဒေဆိုတဲ့ သူတို့လက်သုံးစကားမှာ
သားလည်း wy တွေကိုသောက်ဖူးပြီ
“ရှုရတယ်ဟ ငပိန်းတဲ့”
အမေ့သား လူလည်မဖြစ်သေးဘူး

သားပြန်လာဖြစ်ခဲ့ရင်
အဖမ်းမခံရဖို့ အပြင်မထွက်ရဲသမျှ
မိခင်နိုင်ငံရဲ့ ရင်ဘတ်ထဲမှာ လွတ်လပ်စွာလျှောက်သွားမယ်

ထမင်းဖိုးက စျေးကြီးတယ်အမေ
ဘေးအိမ်က အန်တီကြီးဆီ ငပိရည်တောင်းပြီး
ပလုတ်ပလောင်းစားရတာကို သဘောကျတဲ့သား
ပေါင်မုန့်တစ်လုံးနဲ့လည်း တစ်နေ့စာကိုနေတတ်နေပြီ

တိုးတက်မှုတွေနဲ့ မွန်းကြပ်မှုကြား မဝတဝအသက်ရှုရင်း
ဘုရားစူးပါမေမေ သားဝန်းကျင်လေးဆီက
တောတောင် ရေမြေတွေရဲ့ စိမ်းလန်းမှုလေးကို
ပြန်ဖက်တွယ်ထားချင်တယ်

သားပြန်လာဖြစ်ခဲ့ရင်
ယမ်းငွေ့တွေအမြဲမလွင့်နေတဲ့ အေးချမ်းရာဒေသက
သွေးပေလူးနေတဲ့ လူတွေအကြောင်း
သားပြောပြမယ် အမေ

အမေသင်ပေးတဲ့ ဂုဏ်တော်တွေ သားပိုဆိုဖြစ်တယ်
သေခြင်းတရားကို လက်တို့မိတိုင်းပေါ့ အမေ

ဘုရား၊တရားလည်း မမေ့ပါဘူးအမေ
သားတို့တိုင်းပြည်က အထင်ကရ ရွှေတိဂုံရင်ပြင်တော်မှာ
သား အမေနဲ့အတူဝတ်ပြုတယ်လို့ အိပ်မက်တွေ ခဏ ခဏ မက်ဖြစ်တယ်

သားပြန်လာဖြစ်ခဲ့ရင်
သားစုထားတဲ့ ပိုက်ဆံလေးတွေနဲ့
အမေ့အိမ်အိုကြီးကို ပြုပြင်မယ်
ဒါပေမယ့် အနာဂတ်ဟာ
သွေးထွက်များတယ် အမေရယ်
ခုထိမကျန်းမာသေးဘူး

ယမ်းခိုးဝေအိမ်စုစုလေးဆီမှ ငယ်ငယ်ကသူငယ်ချင်းမလေးဆီ ခြေထောက်တစ်ဖက် လက်ဆောင်ဝင်ပေးမယ် အမေ
သေကွဲတွေကို ကြောက်လှန့်မိသော
သားရဲ့ရှင်ကွဲ အမှတ်တရများစွာပေါ့

သားပြန်လာဖြစ်ခဲ့ရင်
အမေလို့ အော်ဟစ်ခေါ်လိုက်ချင်တယ် အမေ
အမေက သားမတွေ့အောင် ထာဝရပုန်းအောင်းနေလိုက်တာ
အိမ်အိုကြီးမဟုတ်တဲ့ စက်ရုံကြီးအကြောင်း
သား အွန်လိုင်းမာတွေ့တယ် ပြင်စရာမှမလိုတော့တာပဲ
အသစ်ရောင် တောက်နေပါတယ်…

သားပြန်လာဖြစ်ခဲ့ရင်
သားပြန်လာဖြစ်ခဲ့ရင်
သားပြန်လာဖြစ်ခဲ့ရင်
ရောက်မရောက် မသေချာတဲ့ ဒီခရီးအတွက်
ကိုယ့်ခေါင်းကို ကိုယ်ထမ်းပြီး လျှောက်နေပါတယ် အမေရယ်

ရဲခေါင်မင်း


📝 သုံးသပ်ချက်များ။ ။ Lily ThanTin 彭霓霓

အိပ်မက်တွေအတောင်စုံတဲ့နေ့သည် မော်ဒန်ကဗျာတစ်ပုဒ်ဖြစ်သည်။ သဘောတရားအရ မြန်မာ နိုင်ငံ၏ ဒေသအချို့သည် လက်ရှိအချိန်အထိ ပြည်တွင်းစစ် သို့မဟုတ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပွားလျက်ရှိနေသည်။ ကဗျာထဲမှ ဇာတ်ကောင်သည် မြန်မာနိုင်ငံသားဖြစ်သော်လည်း နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် ရွှေ့ပြောင်းနိုင်ငံသား၊ ရွှေ့ပြောင်းလုပ်သားအဖြစ် နေထိုင်နေသူဖြစ်သည်။ သူရောက်နေသည့် နိုင်ငံတွင် ပြည်တွင်းပဋိပက္ခများ၊စစ်ပွဲ များ မရှိပါ။ သို့သော် စစ်ပွဲများတွင်တွေ့နိုင်သည့် မွန်းကြပ်မှုများ၊ မတရားမှုများနှင့် မောဟ၊လောဘ ဒေါသ ဖုံးလွှမ်းနေသည့် လူများ ကို မြင်ရကြောင်း ထည့်သွင်းရေးသားထားသည်။ ဇာတ်ကောင်သည် မတတ်သာ၍ တိုင်းတစ်ပါးတွင် နေရသော်လည်း မိခင်နိုင်ငံ၏ တောတောင်ရေမြေများနှင့် အထင်ကရနေရာများကို လွမ်းဆွတ် တမ်းတနေရသည်။ သူခေတ္တရောက်ရှိနေသည့် တိုင်းတစ်ပါး၏ ဖွံ့ဖြိုးတိုးတက်များအကြောင်းကိုတော့ မိခင်နိုင်ငံအတွက် မိတ်ဆက်ပေးလိုသည့် စေတနာရှိနေကြောင်းထည့်သွင်းရေးဖွဲ့ထားသည်။

ကာရံတွဲစပ်မှုများ အစား နိမိတ်ပုံခိုင်နှိုင်းမှုကို အသားပေး၍ ကဗျာတစ်ပုဒ်လုံးကို ဖွဲ့ဆိုထားသည်။ ထိရောက်သည့် နိမိတ်ပုံများဖြစ်သည့် လူကိုလူချင်းသတ်၊ မိခင်နိုင်ငံရဲ့ရင်ဘတ်၊ အေးချမ်းရာဒေသက သွေးပေလူးနေတဲ့လူတွေ၊ သူဌေးတစ်ယောက်ရဲ့ အနာတရ စသည်တို့ကို ကဗျာတစ်ပိုဒ်ချင်းစီ တစ်ပိုင်း ချင်းစီအတွက် ရုပ်လုံးပိုကြွလာစေရန်၊ အရှိန်ပိုမြင့်လာစေရန် သုံးနှုန်းထားသည်ကိုတွေ့ရသည်။

သူ့အမေပေးသည့် မုန့်ဖိုး ၁ဝဝဝကို လွမ်းကြောင်း၊ သူနေသည့် နိုင်ငံရပ်ခြားတွင် စားသုံးစရိတ်စျေး ကြီးသည့်အတွက် ငပိရည်ကိုလွမ်းကြောင်းနှင့် အစားအသောက်ချွေတာနေရကြောင်း၊ သူပြန်လာလျှင် ပြည်တွင်းစစ်ကြောင့် ခြေထောက်ပြတ်နေသည့် ငယ်သူငယ်ချင်းမလေးကို ခြေထောက်အတုတစ်ဖက် လက်ဆောင်ပေးချင်ကြောင်း ရေးဖွဲ့မှုများသည် မပြည့်စုံနေသည့်ကြားမှ ချိုမြိန်သောဒုက္ခများကို လွမ်းဆွတ်နေကြောင်း ပေါ်လွင်စေပါသည်။ မသေချာမှုများနှင့်ပြည့်နှက်နေသည့် သူ့အိမ်ပြန်ခရီးတွင် သူ့အမေရှိမရှိလည်းမသေချာ၊ သူ့အိမ်ရှိ မရှိလည်း မသေချာကြောင်းကိုလည်း အဆုံးသတ်တွင် ထည့်ရေးထားသည် ။

နိဂုံးချုပ်အနေဖြင့် ရဲခေါင်မင်းရေးသားထားသည့် မော်ဒန်ကဗျာသည် ရွှေ့ပြောင်းနိုင်ငံသား၊ ရွှေ့ပြောင်းလုပ်သားတစ်ဦး ရုန်းကန်နေရသည့် ဘဝနှင့် မလုံခြုံမှု၊ စိတ်အားငယ်မှု၊ စိုးရိမ်ပူပန်မှု၊ မိခင် မြေအား လွမ်းဆွတ်တမ်းတမှုတို့ကို ရွှေ့ပြောင်းနေထိုင်ရသူအများစုခံစားရသည့်အတိုင်း ထင်ဟပ် စေသော ကဗျာတစ်ပုဒ်ဖြစ်ကြောင်းသုံးသပ်နိုင်ပါသည်။