မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲

📜 မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ
👤 ကြည်မြတ်မွန်

ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေခဲ့ပြီ ။ နောက်ထပ် သိမ်းဆည်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်နေမိသည်။

ဇနီးဖြစ်သူက မီးဖိုခန်းနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းဆည်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မြန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်ကူသည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၍ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအား ပေးခဲ့ပြီးပြီ။ အသုံးမဝင်တော့မည့် ပစ္စည်းများကိုလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။

နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထိုနှမြောခြင်းတွေထက် ကျွန်တော်ပို၍ နှမြောရမည့် အရာရှိနေသည်။ ထိုအရာက ကျွန်တော် သားသမီးများ၏ အနာဂတ် ဖြစ်သည်။ သူတို့လေးတွေ အတွက်ကြောင့်ပင် ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်လာသည့် သည်နေရာမှ အပြီးအပိုင် စွန့်ခွါပြီး မြန်မာပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

***

လွန်ခဲ့သည့် ဆယ်ငါးနှစ်ကတည်းက ထိုင်ဝမ်နိုင်ငံတွင် ကျွန်တော်လာရောက်အလုပ်လုပ်ကိုင် နေထိုင်နေခဲ့သည်။ သည်နိင်ငံရောက်ပြီးသုံးနှစ်ခန့်အကြာတွင် ကျွန်တော့်ကဲ့သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာ အမျိုးသမီးလေးတစ်ဦးနှင့်တွေ့ဆုံကာ လက်ထပ်ဖြစ်ခဲ့သည်။ အိမ်ထောင်ဦးဘဝတွင် နှစ်ယောက်အတူ လှုပ်ရှားရုန်းကန်ခဲ့ရသည်။ မကြွယ်ဝ မချမ်းသာသေးသော်လည်း လူတန်းစေ့ နေထိုင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် အိမ်ထောင်သက် နှစ်နှစ်ခန့်တွင် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိလာသည်။

သည်နိုင်ငံတွင် ကလေးတစ်ယောက် စရိတ်မှာ မြင့်မားသောကြောင့် ဇနီးဖြစ်သူမှာ မွေးဖွားခါနီး အထိ အလုပ်တက်ခဲ့ရ၏။ ထိုနောက် သမီးလေးကို မွေးဖွားခဲ့ပါသည်။ သည်နိုင်ငံ စနစ်အရ ကလေးမွေးဖွားရန်အတွက် ခွင့်ရက် လေးဆယ့်ငါးရက် ရပါသည်။ ထို့ကြောင့် သမီးလေး တစ်လသားအရွယ်တွင် ဇနီးဖြစ်သူမှာ ခွင့်ရက်စေ့သွားတာကြောင့် အလုပ် ပြန်တက်ရလေသည်။ အိမ်နီးနားရှိ မြန်မာလူမျိုး အဒေါ်ကြီးတစ်ဦးကို လခပေး၍ သမီးလေးကို ထိန်ခိုင်းရသည်။

ဤသို့ဖြင့် သမီးလေး နှစ်နှစ်ကျော်တွင် သားလေးကို ထပ်မွေးခဲ့ပြန်သည်။ ကလေးနှစ်ယောက်အတွက် ထိန်းစရိတ်များမှာ ကျွန်တော့်ဇနီးသည်၏ လခတစ်လစာခန့်ရှိသည်။ ထိုကြောင့်ဇနီးဖြစ်သူက အိမ်တွင်နေ၍ ကလေးထိန်းရန် အလုပ်ထွက်လိုက်သည်။ ကလေးနှစ်ယောက်၏ နု့ိမှုန့်ဖိုးအပါအဝင် အထွေထွေစရိတ်များ ၊ အိမ်စရိတ်များ အစရှိသည့် စရိတ်များစွာကို အဆင်ပြေဖို့ ကျွန်တော် နေ့စဉ်လိုလို အလုပ်တွင် အချိန်ပို ဆင်းရသည်ကြောင့် မိသားစု စုံစုံလင်လင်နေရသည့်အချိန်က ရှားပါးလှသည်။ ကျွန်တော် အလုပ်သွားချိန်တွင် ကလေးများက အိပ်ယာမှမနိုးသေးဘဲ ကျွန်တော် ပြန်လာချိန်တွင်တော့ ကလေးများက အိပ်ပျော်နေပြီ ဖြစ်သည်။

ထိုသို့ဖြင့် သမီးကြီး သုံးနှစ်အရွယ်ရောက်သောအခါ မူကြိုထားရန် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြ၏။ သည်နိုင်ငံ၏ ကလေးမူကြိုစရိတ်မှာလည်း မြင့်မားလှပါသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ သားနှင့် သမီးကို မြန်မာပြည်သို့ ပြန်ပို့ကာသူတို့၏ အဖိုးအဖွားများထံတွင် ခဏတာ အပ်ထား၍့ ထိုအတောအတွင်းတွင် ကျွန်တော်နှင့် ဇနီးဖြစ်သူက ကြိုးစား၍ ရှာဖွေစုဆောင်းပြီးမှ သားသမီးများကို ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။

သားသမီးများနှင့် ခွဲခွါရ သဖြင့် ကျွန်တော်တို့နှစ်ဦးစလုံး စိတ်မကောင်း ဖြစ်ကြရသည်။ သားသမီးများကို စိုးရိမ်စိတ်၊ သတိရသည့် စိတ်များကြောင့် ရင်တွေ ပူလောင်လွန်းရသည်။ ထိုခံစားချက်များသည် သားသမီးများ၏ ရှေ့ရေးနှင့် ယှဉ်လျှင်တော့ ခံသာသည်ဟု ဆိုရမည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး၏ ရည်ရွယ်ချက်မှာ သားသမီးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး ပညာတတ်များ ဖြစ်စေချင်သည်။ ထို့ကြောင့် ကလေးများကို သတိရချိန်တွင် အလုပ်ကိုသာ ပို၍ကြိုးစားဖြစ်သည်။ အားလပ်ရက်များတွင်ပါ အချိန်ပိုဆင်းသည်။ ကလေးစရိတ်များ သက်သာသွားတာကြောင့် နှစ် နှစ်ခန့် အကြာတွင် အနည်းငယ်စုဆောင်းမိလာသည်။ ထိုနောက် သားနှင့် သမီးကို ကျွန်တော်တို့နှင့် အတူထားရန် ပြန်ခေါ်လာဖြစ်ခဲ့တော့သည်။

***

သားသမီးများ ပြန်ရောက်သည့် နောက်ပိုင်းတွင် မိသားစု ဘဝလေး ပို၍သာယာ ပျော်ရွှင်လာခဲ့ရသည်။ သားနှင့်သမီးကို အနီးနားရှိ ကျောင်းတွင် ထားသည်။ ကလေးများကို မြန်မာပြည်တွင် ထားသည့် နှစ်နှစ်ကျော် အချိန်အတွင်း တတ်လာခဲ့သည့် မြန်မာစကားများကို ပြန်မေ့မသွားစေရန် မြန်မာလိုသာ ပြောဆို ဆုံးမဖြစ်သည်။ ဇနီးဖြစ်သူက ကလေးများကို အားလပ်ချိန်တွင် ဘုရားရှိခိုးနည်းများ သင်ပေး၏။

သို့သော် ကျွန်တော်တို့ မိသားစု အတူတကွ ဆုံတွေ့ချိန်က ညပိုင်းများသာ ဖြစ်သည်။ ကျွန်တော်တို့ အလုပ်တက်နေချိန်တွင် သားနှင့်သမီးမှာ တနေကုန်ကျောင်းတက်ကြသည်။ မိသားစုဘဝ ဆုံတွေ့ချိန် နည်းလှသည့် သည်နိုင်ငံတွင် ကျွန်တော် မထင်ထားသည့် ဆိုးရွားမှု တစ်ခုရှိလာသည်။ ထိုအရာမှာ သားသမီးများကို ကျောင်းထားပြီး တစ်နှစ်ကျော်ခန့်အချိန်တွင် စတင်ခဲ့သည်။

တစ်နေ့တွင် ကျွန်တော် အလုပ်မှ အချိန်အနည်းငယ် စောကာ ပြန်လာသည်။ အိမ်တံခါးဖွင့်ပေးရန် ခေါင်းလောင်းကို နှိပ်လိုက်၏။ ကျွန်တော့် သားလေးက တံခါလာဖွင့်ပေးသည်။ တံခါးဖွင့်သံကြားသည့် ကျွန်တော့်ဇနီးက မီးဖိုခန်းထဲမှ လှမ်းအော်မေးသည်။

“ တံခါးကို အရမ်းစွတ် မဖွင့်နဲ့။ ဘယ်သူလဲကြည့်အုံး။ ”

“လောင်မား။ နီးလောင်ကုန်းလား။ ” (အမေအိုကြီး နင့်ယောင်္ကျား )ဟု ပြန်ဖြေသံကို ကြားရသဖြင့် ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ထိုစကားသည် ကျွန်တော်တို့ မြန်မာနိုင်ငံ ‌‌ယဥ်ကျေးမှုဓလေ့ထုံးတမ်းစဥ်လာအရ ရင့်သီးရိုင်းစိုင်းသော စကားဖြစ်သည်။ ထိုနောက် လွယ်ထားသည့် အိတ်ကို ဘေးတွင်ချပြီး သားကိုဆုံးမရတော့သည်။

“သားငယ်လေး။အဲဒီလို မပြောရဘူး။ ဖေဖေ ၊ မေမေ လို့ ခေါ်ရတယ်လေ။”

ကျွန်တော်ဆုံးမတော့ “ဟုတ်”ဟု ဆိုကာ ပြေးထွက်သွားသည်။ ထိုကဲ့သို့ မိဘကို အခေါ်အဝေါ်များသည် ကာတွန်းကားများထဲမှ အတုယူထားခြင်းဖြစ်မည်ထင်သည်။ သည်နိင်ငံတွင် ကလေးများကြိုက်ကြသော (လပီရှောင်ရှင်း) ဟု အမည်ရသည့် ကလေးဆိုး ကာတွန်းကားမှာ ခေတ်စားလှသည်။ ထိုထဲတွင် လူကြီးမိဘများကို ထိုကဲ့သို့ ခေါ်လေ့ရှိသည်။ ကလေးများကို ပိုမိုဂရုစိုက်ပေးဖို့ ဇနီးဖြစ်သူကို မှာကြားရသည်။

“မင်း ကလေးတွေကို နည်းနည်းပါးပါး ဆုံးမအုံးကွာ ။ ကလေးတွေ အကျင့်ပျက်နေပြီ။ ”

ပြောသာပြောရသည် ။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အားလပ်ချိန်များတွင် ပြောဆိုဆုံးမလေ့ ရှိသော်လည်း ထိုကဲ့သို့ အားလပ်ချိန်မှာလည်း များများစားစား ရှိလှသည်မဟုတ်။ ဆုံးမချိန်ခဏသာ “ ဟုတ် ” ဟုခေါင်းညိတ်ကြသည်။ ပြီးလျှင် မေ့သွားကြပြန်သည်။ တစ်ခြား ကလေးများမှာလည်း ထိုနည်းတူ၊ ထို့ထက်ပိုဆိုးများသာ ဖြစ်သည်ကိုလည်း အမြဲမြင်တွေ့နေရတာကြောင့် ကျွန်တော့်ကလေးများအတွက် ရင်ပူမိသည်။

ကျောင်းတွင် ကလေးများကို ရိုက်နှက်ဆုံးမခွင့် မရှိပါ။ ကျောင်းသားကို ရိုက်မိသဖြင့် ရဲတိုင်ခံရသည့် ဆရာများ အကြောင်း မကြာခဏကြားနေရသည်။ ဆရာများတွင်သာ မဟုတ်။ မိဘဖြစ်သူအနေဖြင့်လည်း သားသမီးကို ရိုက်နှက်ဆုံးမိလျှင် ရဲတိုင်ခံရပြန်သည်။ တစ်သက်တစ်ကိုယ် မကြားဖူးသော ဓလေ့ထုံးစံဖြစ်သည်။ ထိုဓလေ့ကြောင့် သားသမီးများက မိဘကို ရိုသေရကောင်းမှန်း မသိ။ ဆရာများကိုလည်း ကြောက်ရကောင်းမှန်း မသိကြ။ အရွယ်ရောက်လျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြမည့် အတွေးများကြောင့်လည်း လူကြီးမိဘများအပေါ် ရိုင်းစိုင်းရဲကြခြင်းဖြစ်မည်။ ထိုအရာသည် လွတ်လပ်ခွင့်၏ ဘေးထွက်ဆိုးကျိုးဟု ကျွန်တော်ထင်မိသည်။

ကျွန်တော်တို့ယခုအသက်အရွယ် ရောက်သည်အထိ လမ်းတွင် ဆရာ၊ ဆရာမများကိုတွေ့လျှင် လက်နောက်ပစ်၍ ဖြစ်စေ၊ လက်အုပ်ချီ၍ဖြစ်စေ နှုတ်ဆက်ကြရသည်။ ခေါင်းကလေးငုံ့ကာ ဖြတ်လျှောက်ကြသည်။ အခါကြီးရက်ကြီးများတွင် မိဘ ဆရာသမားများကို သတိတရ သွားရောက် ကန်တော့လေ့ရှိသော်လည်း ယခုအချိန်ထိ ကျွန်တော်တို့ ဇနီးမောင်နှံမှာ ပြန်ကန်တော့ခံခွင့်မရသေး။ သက်ပြင်းတစ်ချက်သာ လေးလေးပင်ပင် ချလိုက်မိတော့သည်။

အခွင့်သာတိုင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကျွန်တော်နှင့်ဇနီး ဖြစ်သူ၏ ဆိုဆုံးမမှုသော်လည်း သည်နိင်ငံယဉ်ကျေးမှုဓလေ့ စရိုက်များ အောက်တွင် မှုန်ဝါးဝါး ဖြစ်ရလေ့သာရှိသည်။ ကလေးနှစ်ယောက်စလုံး၏ စိတ်ထဲတွင် သူတို့ကိုယ်ကို သည်နိင်ငံသားများဟုသာ အတွေးဝင်နေကြပုံရသည်။ နုနယ်သော သူတို့နှလုံးသားများထဲတွင် ဓလေ့စရိုက်များက အမြစ်တွယ်စပြုနေပြီထင်သည်။ ကြာလာတော့ ပြောဆို ဆုံးမရတာပင် စိတ်ပျက်စပြုလာတော့သည်။ အိမ်ပြန်ရောက်လျှင် မြင်ရတွေ့ရသည်မှာ စိတ်မချမ်းသာ။ ကလေးများကတော့ အခြေအနေပို၍သာ ဆိုးလာတော့သည်။ သမီးနှင့်သားမှာ တဖြေးဖြေး အရွယ်ရောက်လာသည်။ သမီးက ၁၀ နှစ် သားက ၈ နှစ်အရွယ်သို့ပင်ရောက်လာသည်။ မောင်နှစ်မ အချင်းချင်းလည်း သည်နိင်ငံ၏ လူနေမှုဘဝ ဓလေ့အတိုင်းသာ ဆက်ဆံကြသည်ကို မကြာမကြာ မြင်နေရသည်။

မောင်နှမအချင်းချင်း ပစ္စည်းညွှန်လျှင်လည်း ခြေထောက်နှင့်သာ ညွှန်ကြသည်။ ပန်ကာ ပိတ်လျှင် ခြေထောက်ဖြင့် ပိတ်ကြသည်။ တီဗီပါဝါခလုတ်ကို ခြေထောက်ဖြင့် ဖွင့်ကြသည်။ ဆုံးမရတာ များလာသည်ကြောင့် သမီးနှင့်သားကလည်း မိဘများနှင့် မျက်နာချင်းဆိုင် ရှိနေချိန်နည်းလာသည်။ မိသားစု ဘဝသည် ယခင်လို ပျော်ရွှင်ဖွယ် မကောင်းတော့။ သက်ပြင်းများဖြင့်သာ နေ့ရက်များကို ဖြတ်သန်းရတော့သည်။ ထိုသို့ဖြင့် ရင်ခွင်တစ်ခုလုံး လောင်မီးကျတော့မည့် နေ့တစ်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က တနင်္ဂနွေ အားလပ်ရက်ဖြစ်တာကြောင့် အိမ်တွင် မိသားစု စုံညီနေသည်။

“ သမီး အမေ့ကို တီဗီရီမုပေးစမ်း ”

တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။

“ အင့်ဟာ… ”

ဖုန်း…

ဖုန်း…

“ငါတို့ဒီလောက် ဆုံးမနေရဲ့နဲ့ကို ရိုင်းစိုင်းလိုက်ကြတာ။ မိဘကို ပစ္စည်းပေးတာ ခြေထောက်နဲ့ ပေးရမယ်လို့ ကျောင်းမှာ သင်ထားလို့လား ပြောစမ်း”

ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် အသည်းနှလုံးများ ကြွေပျက်သွားမည့် စကားကို ပြောချလိုက်သည်။

“ နင် ငါ့ကို ရိုက်တယ်။ အေး…ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”

ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိင်။ ကျွန်တော် အသက်ရှူ ရပ်တန့်သွားပြီဟုပင်ထင်မိသည်။ နားထင်သို့ သွေးများ ဆောင့်တက်လာသည်။ ဘယ်ဘက်ရင်အုံကို စူးချွန်ဖြင့်ထိုးသကဲ့သို့ စူးအောင့်သွားရသည်။ ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်။ မယုံကြည်ဝံ့။ သို့သော် အမှန်တကယ် ဖြစ်ပျက်ခဲ့လေပြီ။ ကျွန်တော်ခြေလက်များ အေးစက်လာကာ လည်ပင်းတွင် တစ်စုံတစ်ရာဖြင့် အပိတ်ဆို့ခံထားရသလို တစ်ဆို့နေတော့သည်။ သားသမီးကို ရိုက်မိသဖြင့် မိဘကို ရဲတိုင်သည့် သတင်းများ မကြာခဏ တွေ့နေရသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် ကြုံလာမည်ဟု မတွေးခဲ့ဖူးပါ။ ခုတော့ နာကျင်လွန်းလှပါသည်။

“ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ”

“ အဖေက ငါ့ကို ဘာလို့ရိုက်လဲ ”

သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။

“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ”

“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ”

“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ”

ထိုစကားစုသည် ပဲ့တင်သံများအဖြစ် နားစည်ဝမှ နှလုံးအိမ်ထဲအထိ အခါခါ ရိုက်ခတ်နေတော့သည်။ ပြိုကျသွားသည့် အိမ်တစ်လုံးကို စောင့်ကြည့်နေရသူ အိမ်ရှင်တစ်ယောက်၏ နာကျင်မှုမျိုးထက် ပိုမိုသည့် ဝမ်းနည်းခြင်းများစွာက ကျွန်တော့်ကို လွှမ်းမိုးထားပါသည်။ ကျွန်တော်တို့ ကြိုးစားတည်ဆောက်ထားသည့် မိသားစုအိမ်ကလေး တအိအိဖြင့် ပြိုကျသွားခဲ့လေပြီ။

ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ညဉ့်နက်လှပြီ။ ဇနီးဖြစ်သူက မအိပ်သေးဘဲ စောင့်နေသေးသည်။ ကျွန်တော့်ကိုမြင်တော့ ဇနီးဖြစ်သူက လှမ်းဖက်သည်။ ကျွန်တော်လည်း ပြန်လည်ပွေ့ဖက်ကာ သူ့ကျောလေးကို ခပ်သာသာပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ နာကျင်နေသော နှလုံးခုန်သံများက နှစ်ဦးသားစလုံးတွင် ထပ်တူဖြစ်နေလိမ့်မည်။ ဇနီးဖြစ်သူကို ကျွန်တော် စကားတစ်ခွန်းပြောလိုက်သည်။

“ ကိုယ်တို့ မြန်မာပြည် ပြန်ကြစို့ကွာ ”

ဇနီးဖြစ်သူက သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်ပြ၏။ သားသမီးများ၏ အနာဂတ်အတွက် သူလည်း ဘာမဆို စွန့်လွှတ်ဖို့ တွေးထားမည် ထင်ပါသည်။ ရုပ်ဝတ္ထုများနောက်ကိုလိုက်ရင်း နှလုံးသားများ လုံးပါးပါးရမည်ကို ကျွန်တော်တို့ မလိုလားကြတော့။ လက်မခံနိင်သော ဓလေ့စရိုက်များရှိရာမှ ကျွန်တော်တို့မိသားစု ရုန်းထွက်ရတော့မည်။ သားသမီးများ၏ အနာဂတ်အတွက်ဆိုလျှင် ရရှိလာနိင်မည့် ပြည့်စုံကြွယ်ဝမှုများနှင့် ကျွန်တော်တို့ အလွယ်တကူ လဲလှယ်ဝံ့ပါသည်။ ထိုခံယူချက်ကြောင့်ပင် ကိုယ့်မြေကိုယ့်ဌာနေကိုသာ ပြန်ဖို့ဆုံဖြတ်လိုက်ကြခြင်း ဖြစ်ပါတော့သည်။ ကြီးသူကိုရိုသေ ငယ်သူကိုလေးစားတတ်သော နေရာတွင်သာ ကျွန်တော်တို့ မိသားစုဘဝအတွက် နွေးထွေးသောအိမ်ကလေးတစ်လုံး အသစ်ပြန်ဆောက်ကြမည်။ ထိုအိမ်လေးကိုတော့ မေတ္တာဖြင့်မိုး၍ နှလုံးသားနှင့်ကာရံထားမည်ဟု ကျွန်တော်တို့ ဆုံးဖြတ်ထားကြပါသည်။


📝 သုံးသပ်ချက်များ။ ။ Daw Kay Thwe Soe 高美菁

စာရေးသူက မြန်မာ့ယဉ်ကျေးမူနှင့်ထိုင်ဝမ်​၏လူနေမူစရိုက်ပုံစံ ရေးသားတင်ပြပုံမှာ တကယ်အသက်ဝင်လှပါတယ်။ လွန်ခဲ့သော ဆယ့်ငါးနှစ်က ထိုင်ဝမ်ကိုရောက်ရှိလာပြီး ခက်ခက်ခဲခဲကြိုးစားရုန်းကန်းမူများနှင့် အိမ်ထောင်ကျပြီး သားသမီးရှေ့ရေးအတွက် ထိုင်ဝမ်မှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ကာ ပင်ပင်ပန်းပန်းရှာဖွေပြုစုပျိုးထောင်လာရင်း တနေ့ထက်တနေ့ သားသမီးများ​၏အပြုအမူ ပေ​ြာအဆိုများ ရိုင်းစိုင်းလာမူကေ​ြာင့် နောက်ဆုံး သမီး​၏ရိုင်းပြစွာ ပြုမူတတ်မူကို ပေ​ြာဆိုဆုံးမရာမှ ဒေါသမထိန်းနိုင် လက်ပါသွားမိကာ သမီးက “ အခုရဲကိုတိုင်မယ်၊ အဖေကို လာဖမ်းပါ “ စကားတခွန်းကေ​ြာင့် အလွန်တရာမှ တုန်လှုပ်ခြောက်ချားသွားခဲ့ပြီး၊ ပြီးပြည့်စုံသော ရုပ်ဝတ်ထုများရှိရာ ထိုင်ဝမ်တွင်ရှေ့ဆက်နေထိုင်ဖို့အတွက် မဖြစ်နိုင်တော့တာကေ​ြာင့် သားသမီးများကို မြန်မာ့ဓလေ့စရိုက်များနှင့် ပြန်လည်ရင်းနှီးစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာပြည်ကို အပြီးပြန်တော့မည်ဟု ဆုံးဖြတ်လိုက်သော ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။