အိပ်မက်မှသည် ရောင်ခြည်ဖြာသော နေ့ရက်များသို့

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲

📜 အိပ်မက်မှသည် ရောင်ခြည်ဖြာသော နေ့ရက်များသို့
👤 မစိုးစိုးဟန်(劉麗君)

လူသားတွေဟာ ဘဝကိုဖြတ်သန်းတဲ့နေရာမှာ အကောင်းဆုံးဆိုတာတွေကို မျှော်လင့် ကြတယ်။ ဖြစ်ချင်တဲ့ဆန္ဒတွေ တနည်းအားဖြင့် စိတ်ကူးအိပ်မက်တွေ အသီးသီး ရှိကြပေမယ့် အကောင်အထည်ဖော်မှုအပေါ်မူတည်ပြီး လက်တွေ့ဘဝတွေမှာ ကွာခြားသွားတတ်ကြ ပါတယ်။ ဆန္ဒနဲ့ဘဝ တထပ်တည်းကျတယ်ဆိုတာလည်း အင်မတန်ရှားပါတယ်။ ဖြစ်လာတဲ့ ဘဝအပေါ် လက်ခံကျေနပ်လိုက်ကြရတာ များပါတယ်။ အထူးသဖြင့်တော့ ကျွန်မတို့လို မွေးရပ်မြေကိုစွန့်ခွာပြီး အခြားနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ သာမန်လူတန်းစား များအဖို့မှာတော့ မိမိတို့ရဲ့ဘဝအိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုတာ အလှမ်းပိုပြီး ဝေးကွာလှပါတယ်။ ဒီစာကိုရေးသားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်မလို ရွှေ့ပြောင်း နိုင်ငံသားတစ်ဉီးအနေနဲ့ ဘာသာစကားမတူညီတဲ့နိုင်ငံတစ်ခုမှာ အခြေခံလူတန်းစား အလုပ် သမားဘဝကနေ အဆိုပါနိုင်ငံရဲ့ အသိအမှတ်ပြု အဆင့်မြင့်ပညာရပ်ဆိုင်ရာ မဟာဘွဲ့တစ်ခု ရရှိပြီး လူနေမှုအဆင့်အတန်းတစ်ခုကို မည်သို့မည်ပုံ ကြိုးစားမြှင့်တင်နိုင်ခဲ့တယ် ဆိုတာကို ပညာလိုလားတဲ့ ဘဝတူပညာသင်မောင်နှမများအတွက် လေ့လာနိုင်ဖို့ မျှဝေချင်တာပဲ ဖြစ်ပါတယ်။

ကျွန်မက မြန်မာနိုင်ငံမှာမွေးဖွားကြီးပြင်းခဲ့တဲ့ တရုတ်လူမျိုးတစ်ဦးပါ။ မွေးချင်း ညီမ ၂ ယောက်နဲ့ စုစုပေါင်း မိသားစုဝင် ၅ ဦးရှိပါတယ်။ ငယ်ငယ်ကတည်းက ကျွန်မရဲ့ ဖြစ်ချင်တဲ့ဆန္ဒ ကိုပြောပါဆိုရင် ပညာတတ်တစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။ အများသူငါတွေလို အဆင့်မြင့် တက္ကသိုလ်တက်ရတဲ့ ဘဝတွေကို မက်မောတမ်းတ အားကျနေခဲ့သူတစ်ဦးပါ။ ဒါကြောင့် လည်း ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ငယ်စဉ်ကတည်းက ကျွန်မ စာကြိုးစားခဲ့တယ်။ အဲ့ဒီလို ကြိုးစားတဲ့နေရာမှာ ကျွန်မမိခင်ရဲ့တင်းကြပ်လှတဲ့ စည်းကမ်းသတ်မှတ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဆိုတဲ့ ဆေးတက္ကသိုလ်အဆင့်မီတဲ့ ဝင်ခွင့်အမှတ်ရမှသာ တက္ကသိုလ် တက်ခွင့်ပေးမယ် ဆိုတာပါပဲ။ ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် တက္ကသိုလ်ဝင်ခွင့် အောင်စာရင်း ထွက်တဲ့အခါမှာ ဆေးတက္ကသိုလ်ဝင်ခွင့်ကို တစ်မှတ်အလိုနဲ့ကပ်ပြီး လွဲခဲ့ရပါတယ်။ တချိန် တည်းမှာပဲ ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ဖို့ ဝင်ခွင့်လျှောက်ထားတဲ့ ခွင့်ပြုချက် ရလာခဲ့ပြီး မိသားစုအလိုက် ပြောင်းရွှေ့ခဲ့ရတာဖြစ်လို့ ကျွန်မရဲ့ဘဝအိပ်မက်ကို ထိုင်ဝမ်မှာဆက်ပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ စရောက်ရောက်ချင်းမှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အပြည့်နဲ့ ဆီးကြိုနေပါတယ်။ မိသားစုစားဝတ်နေရေးအတွက် ကြုံရာအလုပ်တွေကို အရင်လုပ်ရ ပါတယ်။ မဆုတ်မနစ်ကြိုးစား အားထုတ်မှုများဖြင့် ထိုင်ဝမ်ရဲ့ လုပ်ငန်းပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေထိုင်ရင်း ဘာသာစကားအခက်အခဲများကို အားတင်းကျော်ဖြတ် ရင်း သုံးနှစ်တာကာလ ကုန်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တက္ကသိုလ်တက်ဖို့ အိပ်မက် ဆိုတာ ရင်ထဲမှာပဲသိမ်းထားခဲ့ရတဲ့ အခြေအနေမျိုးပါ။ ဘာသာစကားကွာခြားမှု၊ မြန်မာနိုင်ငံမှ အထက်တန်းစာမေးပွဲအောင်လက်မှတ်ကို ထိုင်ဝမ်အစိုးရမှ အသိအမှတ်မပြုမှုနဲ့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့ အခြေအနေတွေကနေ ဖောက်ထွက်ပြီး မျှော်မှန်း ထားတဲ့ ပညာရေးခရီးဆက်နိုင်ဖို့အတွက် ပထမခြေလှမ်းအနေနဲ့ ကျုံးဟိုကော်ကျုံး (Zhonghe Junior High School) အလယ်တန်းကျောင်းရဲ့တတိယနှစ် ညကျောင်းကို စတင်တက် ရောက်ခဲ့ပါတယ်။ အဲ့ဒီညကျောင်းကနေ တရုတ်ဘာသာစကားရဲ့ အခြေခံ အသံထွက်များကို စတင်သင်ယူရပါတယ်။ ထိုင်ဝမ်နိုင်ငံသား အတန်းဖော်များနဲ့ အတန်းချိန်များမှာ တရုတ် ဘာသာစကားဖြင့်​​​ ပြောကြားလေ့ကျင့်မှုများကြောင့်သာ တရုတ်ဘာသာစကား အနည်း အကျဥ်းကို တတ်မြောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းကနေ အလယ်တန်းအောင်မြင် ပြီးတဲ့အခါ အတန်းဖော်တွေရဲ့ အကြံပြုချက်အရ ယုံဖင်ကောင်းကျုံး (Yong-Ping High School) ညကျောင်းကို ဆက်လက် တက်ရောက်ခဲ့ပါတယ်။

ထိုင်ဝမ်မှာ ညကျောင်းတက်သူအများစုဟာ စားဝတ်နေရေးမပြေလည်မှုကြောင့် မူလတန်းအောင်လက်မှတ်သာ ယူနိုင်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသားတွေရယ်၊ ကျွန်မလို ဘာသာ စကားသင်ယူချင်သူတွေရယ်ပဲ ဖြစ်ပါတယ်။ ဒီကျောင်းသားတွေထဲမှာ ပုံမှန်တက္ကသိုလ် ဆက်တက်ချင်တဲ့သူ မရှိလှတဲ့အပြင် ညကျောင်းအတွက် စီစဉ်ပေးတဲ့ သင်ခန်းစာတွေက လည်း အလယ်တန်းနဲ့ အထက်တန်းအောင်လက်မှတ် ပြန်ယူချင်တဲ့ ထိုင်ဝမ်နိုင်ငံသား ဦးဦးဒေါ်ဒေါ် ဘိုးဘိုးဘွားဘွားတွေအတွက်သာ ရည်ရွယ်တာကြောင့် ပုံမှန်တက္ကသိုလ် စာမေးပွဲဝင်ခွင့်ဖြေရန်အတွက် အရည်အချင်းပြည့်မီဖို့ရာ ခက်ခဲပါတယ်။ ဒါကြောင့် ကျွန်မ အနေနဲ့ အထက်တန်းဒုတိယနှစ် တက်နေတဲ့တချိန်တည်းမှာပဲ အလုပ်ပိတ်ရက် စနေတနင်္ဂနွေ တွေမှာ နေ့ပိုင်းပုံမှန် အထက်တန်းကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် တက်ကြတဲ့ ဘာသာစုံကျူရှင်ကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပုံမှန်အထက်တန်းကျောင်းသား များနဲ့နှိုင်းစာရင် ဘာသာစကား၊ အသက်အရွယ်တို့အပြင် ဝေးကွာခဲ့တာ ရှစ်နှစ်တာမျှ ကြာပြီ ဖြစ်သော မြန်မာနိုင်ငံမှာသင်ကြားခဲ့ရတဲ့ သင်ခန်းစာကွာဟမှုများနှင့် အလုပ်တစ်ဖက် ညကျောင်း တစ်ဖက်အခြေအနေတွေကြောင့် ကျုရှင်တက်ရန် အစီအစဉ်ကို ကျွန်မမိသားစုဝင် တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လုံ့လဝီရိယကြီးစွာ အလေးအနက်ထား ကြိုးစားအားထုတ်မှုတွေကြောင့် နောက်ဆုံးမှာ မိသားစုဝင်များရဲ့ သဘောတူညီမှုကို ရရှိခဲ့ပါတယ်။

ကျူရှင်တက်ရန် သတင်းအချက်အလက် မေးမြန်းစုံစမ်းရာမှာလည်း အခက်အခဲများ စွာ ကြုံတွေ့ခဲ့ရပါတယ်။ ကျူရှင်ရဲ့နာမည်ဂုဏ်သတင်း ထိန်းထားနိုင်ဖို့အတွက် ကျူရှင် အများစုက ကျွန်မကဲ့သို့ အလုပ်တစ်ဖက် ညကျောင်းတစ်ဖက်နဲ့ သင်ခန်းစာတွေပေါ် အချိန် အပြည့်အဝ မပေးနိုင်တဲ့သူကို ဝင်ခွင့်မပြုချင်ခဲ့ကြပါ။ နောက်ထပ်အကြောင်းရင်းတစ်ခု ကတော့ ကျွန်မကိုလက်ခံခဲ့ခြင်းအပေါ် အခြားပုံမှန်ကျောင်းသားမိဘများသိခဲ့လျှင် ကျူရှင် နာမည်ထိခိုက်မှာကို စိုးရိမ်တာကြောင့်လည်း ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်မရဲ့ အနူးအညွတ် တောင်းပန်မှုတွေကြောင့် ကျူရှင်တစ်ခုက ကျွန်မကို “အခြားကျူရှင် အတန်း ဖော်တွေကို ကျွန်မရဲ့လက်ရှိအခြေအနေအား အသိမပေးပါဘူး” ဆိုတဲ့ ကတိတစ်ခု တောင်း ပြီး သင်ခန်းစာများကို အစမ်းနားထောင်ခွင့်ပြုလိုက်ပါတယ်။ ကျူရှင်ဦးစီးသူရဲ့ အတွေး ကတော့ ကျူရှင်ကစမ်းသပ်ပြီးဖတ်ခိုင်းတဲ့ သမိုင်းသင်ခန်းစာ ဖတ်စာအုပ်ကို စာကြောင်း တစ်ကြောင်းတောင် ဖြောင့်ဖြောင့်မဖတ်နိုင်တဲ့ ကျွန်မအား နားထောင်ကြည့်ပြီးရင် ကိုယ်တိုင် နောက်ဆုတ်သွားစေချင်တာပါပဲ။ သိပ္ပံပညာရဲ့ သင်ခန်းစာဟာ ဘာသာစကားကွာခြား ပေမယ့် သီအိုရီများတူတာကြောင့် ကျူရှင်ရဲ့ သိပ္ပံလိုင်း သင်ခန်းစာကို အစမ်းနားထောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အစမ်းနားထောင်တဲ့ သုံးနာရီအတွင်းမှာ တရုတ်ဘာသာနဲ့ အမည် ပေးထားတဲ့ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များကို အချိန်ထက်ဝက်လောက်က လုံးဝ နားမလည်ပဲ နောက်တစ်ဝက် လောက်ကတော့ နားမလည်တလည်နဲ့ပဲ ကျူရှင်ဦးစီးသူကို ကျွန်မတက်မှာ သေချာကြောင်း ပြောခဲ့ပါတယ်။

ဒီလိုနဲ့ကျူရှင်တက်ဖို့အခက်အခဲကို အောင်မြင်စွာကျော်လွှားပြီးသကာလ တခါတလေ အလုပ်မှာ အချိန်ပိုဆင်းရခြင်း၊ ညကျောင်းရဲ့ ကျောင်းပိတ်ရက်လေ့လာရေး ခရီးများ ထွက်ရခြင်း၊ ကျောင်းကပွဲများအတွက်အကတိုက်ရခြင်းနဲ့ ကျူရှင်ရဲ့အပတ်တိုင်း စာမေးပွဲ ဖြေရခြင်းများကြား အချိန်ပရိပက္ခဖြစ်မှုများကို စတင်ရင်ဆိုင်ကြုံတွေ့ ရပါတော့တယ်။ အလုပ်မှာလည်း အလုပ်သမားကောင်းတစ်ဦးဖြစ်ချင်နေတဲ့ ကျွန်မက အခြားအလုပ် သမားများတန်းတူ အလုပ်တွေများတဲ့အချိန်ဆို မဆင်းမဖြစ် ညဆိုင်းအချိန်ပို ဆင်းရတတ် ပါတယ်။ ဒီအခြေအနေမျိုးကြုံလာတဲ့အခါ ညကျောင်းရဲ့သင်ခန်းစာအချို့ကို လက်မလွှတ်ချင် သော်လည်း အတန်းနှစ်ချိန်စာလောက်ခွင့်ယူ၍ အချိန်ပိုဆင်းပြီး ညဆယ်နာရီ ဆယ်မိနစ် အထိတက်ရသော ညကျောင်းကိုပြန်ပြေးတက်ရပါတယ်။ ကျောင်းပိတ်ရက် လေ့လာရေး ခရီးများ ထွက်ရစဉ်မှာလည်း ဒီညကျောင်းရဲ့ ကျောင်းသူတစ်ဦးတာဝန်အရ မဖြစ်မနေ လိုက်ပါသင့်ကြောင်း ဆရာကပြောတဲ့အခါ မငြင်းသာပဲ လိုက်ရပြန်ပါတယ်။ အဲ့ဒီအခါမှာ ကျောင်းပိတ်ရက်မှ တက်ရတဲ့ ကျူရှင်ကို ခွင့်ယူရပြန်ပါတယ်။ ကျူရှင်ရဲ့သင်ခန်းစာများဟာ ပုံမှန်အထက်တန်း ကျောင်းသားများရဲ့ အထက်တန်းကာလ သုံးနှစ်စာပမာဏကို အပတ်စဉ် တနင်္ဂနွေတစ်ရက်တည်းနဲ့ တစ်နှစ်တာ ရက်သတ္တပတ်လေးဆယ်အတွင်း ဘာသာစုံ ငါးဘာသာကို အပြီးအပြတ်သင်ရခြင်းဖြစ်တဲ့အတွက် သင်ခန်းစာ ပမာဏများလွန်း၍ ခွင့်တစ်ရက်ယူခဲ့လျှင် ကျူရှင်ဆရာစာသင်စဉ် ရိုက်ကူးထားသောဗီဒီယိုများဖြင့် အချိန် အစားထိုး ပြန်လည်သင်ယူရပါတယ်။ များပြားလှတဲ့ ကျူရှင်ရဲ့သင်ခန်းစာများကို သင်ယူရာမှာ ကျူရှင်က စနေတစ်ရက်သာ စီစဉ်ပေးသော Study Guide ရရန်အတွက် အခြားအတန်းသား များနည်းတူ တန်းစီပြီး ရတဲ့အချိန်လေးမှာ နားမလည်တဲ့အပိုင်းတွေကို မေးရပါတယ်။

ကျွန်မရဲ့ စာလေ့လာကျက်မှတ်ချိန်တွေကတော့ တနင်္လာနေ့မှ သောကြာနေ့အထိ အလုပ်ရဲ့ နေ့လည်ထမင်းစားချိန် တစ်နာရီနှင့်ညကျောင်းဆင်းပြီး အိပ်ရာမဝင်မီ အချိန်များပဲ ဖြစ်ပါတယ်။ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒအပြင် အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာ ဝေါဟာရစာလုံးရေ ခုနှစ်ထောင် ကြေညက်ရမည်ဟူသည့် သတ်မှတ်ချက်အရ အပတ်စဉ် ဝေါဟာရ အလုံးပေါင်းနှစ်ရာ့ငါးဆယ်မှ သုံးရာအတွင်း ကျက်မှတ်ဖြေဆိုရပါတယ်။ ဤစာများ ကို အချိန်အတိုအစများဖြစ်သော အလုပ်ခွင်တွင် နှစ်နာရီခြားတစ်ခါနှင့် ညကျောင်းရဲ့ အတန်းချိန်များကြားတွင် ဆယ်မိနစ်နားခွင့်ပေးသောအချိန်များ၌ စာရွက်အပိုင်းအစလေးများ မှာချရေးကာ အကျီၤအိပ်ကပ်ထဲထည့်၍ မီးပွိုင့်စောင့်စဉ်၊ ဓါတ်လှေကားစောင့်စဉ် အချိန် အပိုင်းအစများကိုတောင် အလွတ်မပေးဘဲ ကျက်မှတ်ခဲ့ရပါတယ်။

ကျူရှင်တစ်နှစ်တည်းတက်ရုံနှင့်မလုံလောက်သဖြင့် အထက်တန်းကျောင်းတတိယနှစ် တွင်လည်း တစ်ထပ်တည်းကျသော သင်ခန်းစာများကို ထပ်မံဆည်ပူး လေ့လာသင်ကြား ခဲ့ပြီး အထက်တန်းကျောင်းရဲ့ နှစ်နှစ်တာအတွင်း အနားယူချိန်မရှိ ကြိုးစားကျက်မှတ်ကာ နောက်ဆုံးမှာတော့ ထိုင်ဝမ်နိုင်ငံရဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်တဲ့ သထုံတက္ကသိုလ် (Tatung University) ရဲ့ ကွန်ပျူတာအင်ဂျင်နီယာ လိုင်းဝင်ခွင့်ကို အောင်မြင်စွာ ဖြေဆို တက်ရောက်နိုင်ခဲ့ပါတယ်။

ဘဏ်မှချေးယူခဲ့ရသော ကျောင်းစရိတ်ဆပ်နိုင်ရန် ပုံမှန်နေ့ပိုင်းတက္ကသိုလ်တက်နေတဲ့ ကာလမှာ အတန်းချိန်များအကြား အားလပ်ချိန်များတွင် ကျောင်း၏ဌာနဆိုင်ရာများမှာ အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ယခင်လုပ်နေကျ နေ့ပိုင်းအလုပ်ကို စွန့်လွှတ် လိုက်ရသောကြောင့် မိမိစားဝတ်နေရေးအတွက် မိသားစုကို ပြန်ထောက်ပံ့နိုင်ရန် အတန်း ဆင်းချိန်များနှင့် ကျောင်းပိတ်ရက်များ၌ စားသောက်ဆိုင်နှင့် ကျူရှင်များတွင် အချိန်ပိုင်း ဝင်လုပ်ခြင်း၊ ကျူရှင်မတက်နိုင်သောကလေးများအား ထောက်ပံ့နေသော ပရဟိတအဖွဲ့ အစည်းများတွင် နာရီပိုင်းစာသင်ပေးခြင်းများဖြင့် အလုပ်လုပ်ရပြန်ပါတယ်။ သထုံ တက္ကသိုလ် (Tatung University) မှာ စည်းကမ်းကြီးသည့်အတွက် အတန်းတက်ချိန်တိုင်း နာမည် ခေါ်သည့်အပြင် ပရော်ဖက်ရှင်နယ် (Professional) သာမက မိုင်နာ (Minor) ဘာသာရပ်တွေပါ အပတ်တိုင်း အိမ်စာနှင့် စာမေးပွဲများပြားလှသည့်အတွက် အချိန်ပိုင်း အလုပ်များအပြင် စာကျက်မှတ်ရန်အချိန်များကိုလည်း ကောင်းစွာစီမံခန့်ခွဲအသုံးချရပါတယ်။

ဒီလိုနဲ့ပထမနှစ်ဝက်စာမေးပွဲ (First Semester) အပြီးမှာ အတန်းပထမဆုရရှိခြင်း ဆိုသော ကျွန်မရဲ့ကြိုးစားမှုရလဒ်ကို စတင်ခံစားရပါတော့တယ်။ ကျွန်မငယ်စဉ်ကတည်းက ကြိုးစားမှုကြောင့် ပထမဆုများရရှိခဲ့စဉ်အချိန်က ဘယ်သောအခါမှ မချီးကျူးခဲ့သော ကျွန်မရဲ့ဖခင်ဟာ ဒီပထမဆုရမှုကို သူရဲ့လုပ်ဖော်ကိုင်ဖက်ကို ပြောပြပြီး အလွန်ပဲ ဂုဏ်ယူနေခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကျွန်မရဲ့ကတိအတိုင်း ကြိုးစားမှုရလဒ်ကို မိသားစုဝင်များအား သက်သေပြနိုင်ခဲ့သည့်အတွက် အလွန်ပဲဝမ်းမြောက် ဂုဏ်ယူနေခဲ့ပါတယ်။ တချိန်တည်းမှာပင် အတန်းတိုင်းမှပထမ၊ ဒုတိယ၊ တတိယဆုရသူတိုင်းအား ကျောင်းမှ ထူးချွန်ဆု ဆုငွေများချီးမြှင့်ကြောင်းနှင့် ပညာရေးဖောင်ဒေးရှင်းများမှ ပညာထူးချွန်ဆု ထောက်ပံ့ငွေများကို လျှောက်လို့ရကြောင်းသိခဲ့ရပါတယ်။ ဤထောက်ပံ့ငွေများကိုသာ လျှောက်ထားရရှိခဲ့လျှင် ကျွန်မရဲ့ပညာရေးစရိတ်အတွက် အထောက်အကူများစွာရမည်ဖြစ် သောကြောင့် နောင်တွင်လည်း ပထမရရှိရန် ဆက်လက်ကြိုးစားနေစဉ်မှာပင် ကျွန်မရဲ့ဖခင် ဟာ အဆိုပါကာလအတွင်း နေထိုင်မကောင်းသဖြင့် ဆေးစစ်ခဲ့ရာမှ အူမကြီးကင်ဆာ နောက်ဆုံးအဆင့်ဟု ကြားသိလိုက်ရပါတယ်။ ထိုသို့ဆေးစစ်ကုသ၍ သုံးလခန့်အကြာ ပထမနှစ်ရဲ့ Second Semester စာမေးပွဲဖြေနေစဉ် ကျွန်မဖခင်ဟာ ဘဝတပါးသို့ကူးပြောင်း သွားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ရွှေတောင်ကြီးလဲပြိုသွားခဲ့၍ ဖော်မပြနိုင်အောင် ဝမ်းနည်းကြေကွဲ ခဲ့ရသော်လည်း ဖခင်ကြီးက သူရဲ့ခွဲခွာသွားမှုကြောင့် ကျွန်မရဲ့ပညာရေးထိခိုက်မည်ကို လိုလား မည်မဟုတ်ကြောင်း သိရှိထားတဲ့အတွက် ဝမ်းနည်းမှုများကို အားအင်အဖြစ် ပြောင်းလဲကာ ကျန်တဲ့နှစ်ဘာသာကို ဖြေဆိုခဲ့ပါတယ်။ Second Semester မှာလည်း ပထမဆုကို အောင်မြင် စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

မိသားစုရဲ့ဝင်ငွေ လျော့ပါးသွားတဲ့အတွက် ပညာရေးထောက်ပံ့ကြေးများနှင့် ကျောင်းတွင်းကျောင်းပြင် ငွေကြေးရနိုင်မည့် ပညာရပ်ဆိုင်ရာပြိုင်ပွဲများသည်သာ ကျွန်မရဲ့ များပြားလှတဲ့ကျောင်းစရိတ်ကို ဆပ်နိုင်မည်ဖြစ်၍ ကျောင်းတွင်းပြိုင်ပွဲများ ဖြစ်သော ၂၀၀၇ Information creativity ပြိုင်ပွဲ (資訊創意設計競賽多媒體內容組) ၊ Website Design ပြိုင်ပွဲ (網頁設計比賽)၊ Intermediate English Vocabulary​ ပြိုင်ပွဲ(英文中級字彙比賽)၊ Freshmen’s thoughts after reading Chinese Classics ပြိုင်ပွဲ (新生經典閱讀心得寫作徵文比賽၊ Reading Japaneseပြိုင်ပွဲ(日文朗讀比賽) ၊ ၂ဝ၁၀ Information creativity ပြိုင်ပွဲ (資訊創意競賽軟體應用系統組)အသီးသီးကို ဝင်ပြိုင်ခဲ့သည့်အပြင် ကျောင်းပြင် ပြိုင်ပွဲဖြစ်သော 8th YSED Competitionပြိုင်ပွဲ(第八屆育秀盃創意競賽) တို့ကိုဝင်ပြိုင် ကာ ဆုအသီးသီးကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဂျပန်စာဆရာမရဲ့ အားပေးမှုကြောင့် တက္ကသိုလ် ဒုတိယနှစ်တွင် Japanese Level 4 Verification Test (第四級日文能力認證) ကို ဖြေဆို အောင်မြင်ခဲ့ပါတယ်။ ကျွန်မရဲ့မလျှော့သောဇွဲဖြင့် ကြိုးစားအားထုတ်မှုများကြောင့် တက္ကသိုလ် လေးနှစ်တာအတွင်း Semester ရှစ်ခုလုံးမှာ အတန်းတွင်းပထမဆုကို ဆွတ်ခူးရရှိခဲ့သည့် အပြင် ကျွန်မရဲ့ဘွဲ့ရ Special Research Paper(專題研究)မှာလည်း 99th National Science Council Special Research Program(行政院國家科學委員會 99學年度大專生參與專題研究計畫) ရဲ့ Scholarship(獎學金)ကို ရရှိခဲ့ပါတယ်။ အဲ့ဒီအပြင် ဘွဲ့ရဆုပေးပွဲအခမ်းအနားမှာ ကျွန်မတို့ Major ရဲ့ လေးနှစ်တာ အမှတ်ပေါင်း ပထမဆုအဖြစ် The Chairman Award ဆု (董事長獎)၊ Fei Tao Fei Honorary memberဆု(斐陶斐榮譽會員獎)နှင့် လေးနှစ်တာ အတန်းမပျက်ကွက်ဆု(四年全勤獎)များကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဤကဲ့သို့ မဆုတ်မနစ် အားထုတ်မှု ရလဒ်များကြောင့် မဟာဘွဲ့ ဆက်ယူရန် လျှောက်ထားရာမှာ အရည်အချင်းပြည့်မီသဖြင့် (推甄方式) ကျွန်မရဲ့ရည်မှန်းချက် ပန်းတိုင် ဖြစ်တဲ့ အစိုးရကျောင်းများစွာထဲမှာ ထိပ်တန်းကပါဝင်သော ကျောင်းထုံးတက္ကသိုလ် (Chiao Tung University) ဝင်ခွင့်ကို ရရှိခဲ့ပါတယ်။

ကျောင်းထုံးတက္ကသိုလ် (Chiao Tung University) သို့ ကျွန်မနေအိမ်ကနေပြီး မြေအောက်ရထားမှတဆင့် အဝေးပြေးကားဖြင့် တစ်နာရီခွဲကြာအောင် စီးသွားရ၍ ကျောင်း ဆောင်ငှားနေရန် မိသားစုနေအိမ်မှ ခွဲခွာရပြန်ပါတယ်။ ကျောင်းထုံးတက္ကသိုလ် (Chiao Tung University) တွင် ပထမနှစ်စတက်စဉ် ပါမောက္ခ၏ တိုက်တွန်းအားပေးမှုကြောင့် အတန်းဖော် များနှင့်ပူးပေါင်းကာ ၂၀၁၁ ထိုင်ဝမ်တစ်နိုင်ငံလုံးဆိုင်ရာ The 16th IT Service Innovation Contest(2011第16屆全國大專院校/社會人士 資訊服務創新競賽MOICA 自然人憑證應用組) ပြိုင်ပွဲတွင်လည်း တတိယဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ မဟာဘွဲ့တက်နေစဉ် လစဉ်လခရ၍ ပညာရေးထောက်ပံ့ကြေးများ လျှောက်ထားနိုင်သည့် အပြင် Major ဌာန၏ ရုံးခန်းတွင်လည်း နာရီပိုင်းဖြင့် ရံဖန်ရံခါ အလုပ်ဝင်လုပ်ပြီး မိမိကျောင်းစရိတ်၊ အဆောင် စရိတ်နှင့် စားဝတ်နေရေးစရိတ်များအတွက် ရှာဖွေစုဆောင်းရပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ ၂၀၁၃ ခုနှစ်မှာ မဟာဘွဲ့ကိုရရှိခဲ့ပါတယ်။

မဟာဘွဲ့ရရှိပြီးနောက် ကျောင်းတွင်း နာရီပိုင်းအလုပ်များ၊ ပညာထူးချွန်ဆုငွေများ၊ ပြိုင်ပွဲဝင်ဆုကြေးများနှင့် ပညာရေးဖောင်ဒေးရှင်းများမှထောက်ပံ့ငွေများဟာ ကျွန်မရဲ့ တက္ကသိုလ်ကျောင်းစရိတ်များအားလုံးကို လုံလောက်စွာ ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ကျွန်မဟာ ထိုင်ဝမ်နိုင်ငံမှာပဲ လုပ်ငန်းခွင်တွင် Chief Engineer ရာထူးကို ရရှိနေခဲ့ပြီဖြစ်၍ ကျွန်မလေ့လာခဲ့သော ပညာရပ်များနှင့် ထိုင်ဝမ်နိုင်ငံကို ပြန်လည် အလုပ်အကျွေးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဝင်ငွေရရှိလာတဲ့အခါ ကျွန်မကဲ့သို့ ပညာကိုလိုလားပြီး အခက်အခဲကြုံ နေရသူများကို အတတ်နိုင်ဆုံးအကူအညီပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ မြန်မာနိုင်ငံ ကြံခင်းဘက်မှ ချို့တဲ့သော ကလေးငယ်နှစ်ဦးကျောင်းစရိတ်ကို လစဉ် ထောက်ပံ့ခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပါပြီ။ ထို့ပြင် ငယ်စဉ်ကပညာသင်ကြားခဲ့တဲ့ တောင်ငူမြို့ ယခင် အမှတ် (၂) အခြေခံပညာ အလယ်တန်း ကျောင်း (ယခု အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း) ရဲ့ ပင်စင်စား ဆရာကြီး/ ဆရာမကြီးများအတွက် ကျင်းပတဲ့ အာစရိယပူဇော်ပွဲများတွင်လည်း နှစ်စဉ်ပါဝင် လှူဒါန်း ကန်တော့နိုင်ခဲ့ပါတယ်။ ချို့တဲ့၍ ရေရှားပါးသောနေရာများတွင် အဝီစိတွင်း လှူဒါန်းခြင်း၊ ဘုရားကျောင်းဆောင် ဆောက်လုပ်ရာမှာ ပါဝင်လှူဒါန်းခြင်း၊ သာသနာ့ ရဟန်းတော်များအား ဆေးကုသပေးခြင်းနှင့် COVID-19 ရောဂါကာကွယ်ရေးအတွက် ကျွန်မ၏အမိမြေတွင် နေထိုင်ခဲ့သော တောင်ငူမြို့ ၁၉ရပ်ကွက်၊ နယ်မြေ (၁) မှ အိမ်ထောင်စုများအား အစိုးရ သတ်မှတ်နှုန်းထားအတိုင်း ဆန်၊ ဆီ၊ ဆားများလှူဒါန်းခြင်း လုပ်ငန်းများကိုလည်း ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ နောင်အခါတွင်လည်း ကျွန်မကဲ့သို့ ပညာလိုချင်၍ ချို့တဲ့သော ပညာသင် ညီအစ်ကိုမောင်နှမများကိုလည်း ပညာရေးထောက်ပံ့ခြင်းများ ပြုလုပ်နိုင်ရန်အတွက် ပညာရေးဖောင်ဒေးရှင်းဖွဲ့ကာ အကူအညီပေးနိုင်ရန်လည်း ကြိုးစားလျက်ရှိပါတယ်။ ယခုအခါ ကျွန်မရဲ့ဘဝအိပ်မက်ဟာ တဖြည်းဖြည်း အကောင်အထည်ပေါ်လာပြီး ထိုအိပ်မက်များ ကြောင့်ပင် ကျွန်မဘဝမှာ လျှောက်လှမ်းခဲ့သောလမ်းများကို အရောင်ချယ် တောက်ပစေ ခဲ့တာ ဖြစ်ပါတယ်။


📝 သုံးသပ်ချက်များ။ ။ Daw Kay Thwe Soe 高美菁

စာရေးသူက ထိုင်ဝမ်ရောက်တာနဲ့ နေ့ဖက်တွင်အလုပ်လုပ်ပြီး ညပိုင်း အခြေခံတရုတ်စကားကို ညကျောင်းတွင် ပင်ပင်ပန်းပန်း ကြိုးစားစွာသင်ယူရင်း အလယ်တန်း၊ အထက်တန်းများကို တဆင့်ပြီးတဆင့်အောင်မြင်ခဲ့ပြီး၊ မိဘများတားမြစ်သည့်ကြားက တက္ကသိုလ်ပညာ ကို အပတ်တကုတ်ဆက်လက်ဆည်းပူးခဲ့ရာတွင် တက္ကသိုလ်ပြိုင်ပွဲအမျိုးအမျိုးမှ ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုတံဆိပ်များစွာနှင့် ပညာရေးထောက်ပံ့ငွေကေ​ြးများရရှိပုံက ယနေ့လူငယ်များအတွက် အတုယူ အားကျလောက်စရာများ၊ အချိန်ကို အကျိုးရှိရှိ အသုံးချပုံများ၊ မနားမနေ ကြိုးစားအားထုတ်မူများနဲ့ နောက်ဆုံးတွင် ကွန်ပျူတာအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့ပါတယ်။ ထို့နောက် သူမရဲ့ရည်မှန်းချက် ပန်းတိုင် ဖြစ်တဲ့ အစိုးရကျောင်းများစွာထဲမှာ ထိပ်တန်းကပါဝင်သော ကျောင်းထုံးတက္ကသိုလ် (Chiao Tung University) ဝင်ခွင့်ကို လည်းရရှိခဲ့ပြီး မဟာဘွဲ့ကိုရရှိကာ လက်ရှိ ထိုင်ဝမ်တွင် အင်ဂျင်နီယာအရာရှိတစ်ဦးအဖြစ်နဲ့ဘဝခရီးလမ်းကို အောင်မြင်စွာဖြတ်သန်းလာနိုင်ခဲ့ပြီး၊၊ တစ်ဖက်က မြန်မာပြည်တွင်းရှိ သူ့လို ပညာကိုလိုလားသူများအတွက် ပညာသင်ထောက်​ပံ့ကေ​ြးငွေများကို အခက်အခဲရှိသူများအတွက် ပံ့ပိုးလှူခဲ့တယ်။ သူမဖြစ်ချင်သော အိမ်မက်ကို လက်တွေ့လုပ်ဆောင်အကောင်အထည်ဖော်ခွင့်ရတာကြောင့် နောင်လူငယ်များအတွက် အတုယူအားကျစရာကောင်းလှပါတယ်။”