ရွှေ့ပြောင်းအလုပ်သမားများရဲ့ခံစားချက်

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲

📜 ရွှေ့ပြောင်းအလုပ်သမားများရဲ့ခံစားချက်
👤 သန်းကြည်မောင်

မိုးတဖြောက်ဖြောက်ကျနေသောကောင်းကင်ကိုမော့ကြည့်ရင်း လွမ်းလောက်စရာပုံရိပ်များတွေက သြော် အတိတ်ကိုပုံဖော်နေသလိုပါပဲလား

မရိုးနိုင်စရာလောကလမ်းပေါ်မှာ

ကြိုးကိုင်မပါ သောကတစ်ပုံတစ်ထမ်းနဲ့

အမျိုးမျိုးကြုံဒုက္ခများစွာဝိုင်းနေတဲ့ ကျနော်မိုးနိုင်ပါ။

ရီတစ်ခါငိုတစ်လှည့်နဲ့အများရဲ့အထင်သေးအမြင်သေးအကြည့်မျိုးစုံကြားမှာ ခါးသီးစွာရုန်းကန်ရင်းပေါ့။

အခြေခံလူတန်းစားမိသားစုပေမို့ များတကာလူတွေကြားမှာ

ဝမ်းတစ်ခါးမပြည့်စုံခဲ့တော့ မိဘများကိုသွေခွာလို့တစ်ပြည်တစ်ရွာ

တိုင်းတစ်ပါးကိုပိုက်ဆံဖွေရှာထွက်ခွာမယ်ဆိုတဲ့အကြောင်းကို

အဖေနဲ့အမေ့ကိုဖွင့်ပြောလေတော့သည်။

“ မသွားပါနဲ့လားသားလေးရေ အမေ့တို့ကဆင်းရဲပေမယ့်ဒီအတိုင်းပဲရုန်းကန်လုပ်စားကြလို့သားလေးရဲ့အဘိုးအဘွားတွေလည်းဒီမှာပဲခေါင်းချသွားကြတာပဲလေ မရှိအတူရှိအတူလုပ်စားကြတာပေါ့သားရေ

အမေတို့မချမ်းသာရင်နေပစေကွယ် သားလေးအမေ့အနားမှာရှိရင်အရာရာပြည့်စုံပါပြီ အမေ့အနားမှာပဲနေပါသားရေ”

ကျနော်သည်ရှေ့ရေးကိုတွေးပြီးအမျိုးမျိုးလှည့်ပတ်စဉ်းစားနေမိတော့သည် ဒီအခြေနေမျိုးမှာဘယ်လိုမှရုန်းထွက်လို့မိသားစုဖူလုံဝမ်းဝအောင်ရလာနိုင်မယ့်ခြေနေမျိုးမမြင်မိတော့ပါ ကျနော်သည်ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်ပါတော့သည်။

နောက်တစ်နေ့မနက်မိုးလင်းအာရုံကျင်းချိန်ရောက်ပြီပေါ့

အဝတ်တွေကိုထုပ်ပိုး ကျောပိုးအိတ်ကိုဘေးမှာချကာ

မိဘနှစ်ပါးကိုဆယ်ဖြာလက်မိုးစိတ်ရိုကျိုး၍

ရှိခိုးကန်တော့နေချိန်မှာပင်!

သာဓုသာဓု သာဓု ငါ့သားလေးကျန်းမာပါစေ

ချမ်းသာပါစေ မိတ်ကောင်းဆွေကောင်းတွေ့ပါစေ

ဘေးအန္တရာယ်ရန်စွယ်အသွယ်သွယ်တို့ရှောင်ဖယ်ကင်းလို့ကောင်းသတင်းတွေပန်းလိုကြိုင်မွှေးပြီးသာယာအေးချမ်းပါစေ လူနဲ့ပြောလျှင်ချောပါစေ လူနဲ့ပြိုင်လျှင်နိုင်ပါစေ ခလုမထိဆူးမငြိပဲ

သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေ”

တုန်ရီဝေဖြာနေသောအသံများနဲ့မဆုံးနိုင်တော့တဲ့အမေ့ရဲ့ဆုပေးသံတွေကြားရင်း အမေ့ရင်ထဲမှာဘယ်လောက်ထိပူလောင်သောကခံစားနေရလိမ့်မယ်ဆိုတာ

သားနားလည်ပါတယ်အမေရေ။

အသွေးအသားနဲ့အသက်ကို ရင်း၍မွေးထားသူမို့ မျက်ရည်ဖြိုင်ဖြိုင်

ဆည်မနိုင်အောင်အမေ့ပါးပြင်ပေါ်ကစီးကျလာခဲ့တော့သည်။

ကျနော်ဟာစိတ်ကိုအားတင်းပြီးကျောပိုးအိတ်ကိုပိုးရင်း

မွေးရပ်မြေကိုကျောခိုင်း ညိုမှိုင်းအုံဆိုင်းနေသောတောတောင်တွေဖြတ်လျှောက်ကာ

ဘဝကိုတည်ဆောက်ဖို့ကျနော်အားမွေးထားခဲ့တယ်။

လမ်းတစ်လျှောက်လုံးအတွေးပေါင်းများစွာ ဇဝေဇဝါနဲ့မိသားစုသာယာစေဖို့နောင်ရေးအတွက်ပါပဲလေဆိုသောစိတ်ကိုအတည်စွဲထားခဲ့သည်

သုံးမိုင်ခရီးကိုလမ်းလျှောက်ပြီးမှမော်တော်ယာဉ်ရှိသောရေဆိပ်ကမ်းနေရာသို့ရောက်လာပါတော့တယ်

မော်တော်ယာဉ်လည်းကမ်းကခွာစပြုပြီမို့ ကိုယ်လာရာလမ်းကိုနောက်လှည့်ကာပြန်ငေးကြည့်ရင်း

မွေးရပ်မြေကိုကျနော်စွန့်ခွာခဲ့ရပါပြီတကား!

အတွေးစိတ်မှာအဖေနဲ့အမေ့ပုံရိပ်တွေကိုမြင်ယောင်နေမိသည်

အမေ့အသည်းကိုဆွဲနုတ်သွားသလိုရင်ခွင်ဟင်းလင်းကျန်ခဲ့လေပြီကော။

ဒီလိုနဲ့ပဲ ကျောက်ဖြူမြို့ကိုရောက်လာတယ် ကျောက်ဖြူမြို့ကနေကားတစ်တန်စီးရပြန်တယ်

ရန်ကုန်မြို့ရောက်လာတယ် ရန်ကုန်မှာသုံးနာရီလောက်သာနေပြီး

ညငါးနာရီဆက်ပြီးကားစီးရပြန်တယ် မြိတ်(ဘိတ်)မြို့သို့ရောက်ပြန်တယ် လမ်းတစ်လျှောက်မှာတော့ခေတ်မီအဆောက်အဦးတွေနဲ့လှပအောင်ဖန်တီးထားတာတွေကိုလည်းတွေ့ရပြီး မွဲခြောက်နွမ်းပြာနေသောရွာကလေးတွေလည်းအမြောက်အများတွေ့မြင်ခဲ့ရပါတယ်

ကျောက်ဖြူ ရန်ကုန် မြိတ်(ဘိတ်)မြို့ခရီးတစ်လျှောက်လုံး မောပန်းစွာကားစီးလာရတော့

ကျနော့်လိုခရီးသွားအားလုံးလည်းပင်ပန်းနွမ်းနယ်နေကြတယ်

မြိတ်(ဘိတ်)မြို့ကတဖန် ညလေးနာရီမှာကော့သောင်းမြို့သို့ခရီးဆက်ရပြန်သည်

မြိတ်(ဘိတ်)မြို့နဲ့ကော့သောင်းမြို့ခရီးလမ်းသည်ကား

အင်မတန်ပင်ခက်ခဲကြမ်းတမ်းပေတော့သည်

ကားပေါ်မှာသစ်သားထိုင်ခုံတွေကအလုံးသုံးဆယ်လောက်သာရှိပြီးကားပေါ်လိုက်ပါလာသောခရီးသည်ကလူငါးဆယ်လေးယောက်ဖြစ်သည်

မိန်းမတွေနဲ့လူအကြီး(အသက်ကြီး)ပိုင်းတွေကိုထိုင်ခုံမှာနေရာချပေးပြီး

ကျနော်နဲ့အတူကျန်သောခရီးသည်တွေကိုကားရဲ့နောက်ဖေးခန်းထိုင်ခုံမရှိဘဲ သစ်သားပျဉ်ပြားပေါ်မှာနေရာချပေးထားတယ်

ကားပေါ်မှာလိုက်ပါလာသောခရီးသည်အားလုံးသည်ကား ထိုင်းသို့တရားမဝင်မှောင်ခိုလမ်းကခိုးဝင်ကြမယ့်သူများပင်ဖြစ်ကြသည်။

ကားလမ်းဟာအလွန်ဆိုးရွှားလွန်းသည်

မြေသားလမ်းဖြစ်သောကြောင့် ချိုင့်ခွက်တွေ

ကျောက်ခဲတွေက ကားလမ်းမပေါ်မှာရှိနေကြသည်

ကားမောင်းသမား(ဒရိုင်ဘာ)ဟာကားကိုအမြန်မောင်းပြေးနေရတယ် သူတို့ကအန္တရာယ်များစွာကိုကြုံဖူးကြသောလူတွေမို့ပေါ့လေ

လမ်းမကောင်း၍ကားထခုန်သောခါ လူတွေလည်းမြင့်တက်လိုက်ပြန်ကျလိုက်နဲ့ခရီးတစ်လျှောက်လုံးလမ်းရဲ့ဆိုးဒဏ်ကိုခံနေရပါတော့သည်

တောင်ကြားလမ်းများတွင်တစ်ခါတစ်လေဓားပြတိုက်ခံရသည်ဟုကြားဖူးလေသည်

ညှိုးနွမ်းနေကြသောခန္ဓာကိုယ်တွေ ပြောလို့တောင်မထွက်တော့တဲ့အသံတွေ

ဖုန်မှုန့်တွေဝင်လွန်းလို့ကားတစ်ကိုယ်လုံးနဲ့ကားပေါ်မှာလိုက်ပါလာကြသောခရီးသည်များအားလုံးဟာ

ဖုန်မှုန့့်တွေကြောင့်အဖြူရောင်တွေဖြစ်ကုန်ကြပါတယ်

တစ်ညနဲ့တစ်ရက်ဒုက္ခတွေနဲ့နပန်းလုံးပြီးညနေခြောက်နာရီလောက်မှာ ကော့သောင်းမြို့ကိုရောက်လာပါတော့တယ် ဆိုင်တစ်ဆိုင်ဝင်ပြီး

လက်ဖက်ရည်တစ်ခွက်သောက်နေချိန်မှာပင် ပွဲစားကလာခေါ်တော့ လက်ဖက်ရည်ဖိုးပိုက်ဆံကိုကပျာကယာရှင်းပြီးဆိုင်ကယ်ပေါ်လိုက်ပါခဲ့ရပြန်တယ်

လမ်းတစ်လျှောက်မှာကား ဆီအုန်းပင်တွေနေရာအနံှ့စိုက်ထားကြသည်

လမ်းမှာရဲဂိတ်တွေတွေ့တယ် ဆိုင်ကယ်သမားတွေဟာလမ်းကိုလှည့်ပတ်ပြီးမောင်းပြေးရပါတယ်

တစ်နာခွဲလောက်မောင်းလာပြီးမှမြစ်ကမ်းနံဘေးကရွာတစ်ရွာမှာအိမ်ကလေးတစ်အိမ်ဆီသို့ပို့ပေးခဲ့တယ် ရောက်တာနဲ့ပဲအိမ်ပေါ်ကညီမတစ်ယောက်ဆီကကြက်သားဟင်းပါတဲ့ထမင်းတစ်ထုပ်ကျွေးပါတယ်

သူကျွေးတဲ့ထမင်းကိုတောင်မစားနိုင်တော့ချေ

ချမ်းကလည်းချမ်းနဲ့

ကျနော်ဟာပင်ပန်းလွန်းတော့ဝင်သလောက်စားပြီး ခဏလေးမှေးအိပ်ပါသွားတယ် နိုးလာသောအချိန်

ထိုင်းကိုဝေးသေးပါသလားလို့လူကြီးတစ်ယောက်ကိုမေးကြည့်တော့ ဟိုဖက်ကမ်းဟာထိုင်းနိုင်ငံပါပဲတဲ့

ကျနော်သည်သူငယ်ချင်းဆီကိုဖုန်းဆက်ပါတယ် မြစ်ကမ်းနံဘေးရောက်နေပြီဆိုတဲ့အကြောင်း

သူကကျနော့်ကိုအားဖြည့်စကားပြောပါတယ်

မကြာခင်ငါ့ဆီသို့ရောက်တော့မှာပါ မကြာတော့ပါဘူးတဲ့။

ကျနော်စိတ်သက်သာသွားသည်

ဒါပေမယ့် သူငယ်ချင်းဆီမရောက်သမျှတော့စိတ်မချမ်းသာသေးဘူးပေါ့လေ

သန်းခေါင်ကျော်(၁)နာရီလောက်မှာထိုင်းဘက်ကမ်းကိုကူးဖို့ခေါ်လာပါတော့တယ်

နေရာပေါင်းစုံကလူတွေဆိုတော့စကားသံအမျိုးမျိုးပြောကြတာပေါ့

အဲ့ဒီမှာလူကြီးတစ်ယောက်ကအသံခပ်ကျယ်ကျယ်လှမ်းပြောပါတယ်

ခရီးသည်များခင်ဗျာ အသံမထွက်စေနဲ့ ဆေးလိပ်မသောက်ကြနဲ့ လျှပ်စစ်ဓာတ်မီးမထွန်းကြနဲ့ပေါ့

ကျနော်တို့ခရီးသည်များကားအသံတိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါလာရတော့သည်

မိနစ်အနည်းငယ်အတွင်းမှာပဲထိုင်းဘက်ကမ်းသို့ဆိုက်ကပ်ပြီး ကပ်လျှင်ကပ်ချင်းအလျှင်စလိုပြေးတက်ရပါတယ်

ရာဘာခင်းတွေထဲမှာခြေလျင်တစ်နာရီလောက်ဖြတ်လျှောက်ပြီး အသင့်စောင့်နေသောကားပေါ်တက်ကြရပါတယ်

ကားနောက်ပိုင်းအမိုးမပါသောကားမျိုးပါ

လူ(၂၀)လောက်သာဝင်ဆန့်နိုင်ပေမယ့်

လူ(၃၅)ယောက်နောက်ပိုင်းမှာထည့်လိုက်တယ်

အကုန်လုံးကိုခေါင်းငုံ့ငုံ့ထားစေပြီး ခရီးသည်များရဲ့အပေါ်ကနေ တာလာပတ်ဖြင့်မိုးအုပ်လိုက်တယ်

အပေါ်ကနေကြိုးဖြင့်ပတ်ချည်လိုက်တယ်

လူတွေဟာအသက်ရှူတောင်မဝနိုင်ကြချေ

တစ်နာရီလောက်အကြာမောင်းပြီးဆီအုန်းခင်းထဲမှာရပ်နားပေးပါတယ်

ဒီဆီအုန်းခင်းထဲမှာပဲသုံးရက်နေရတယ် ထမင်းကိုတော့ပွဲစားတွေလာကျွေးကြပါတယ်

သုံရက်မြောက်နေ့ ည(၁၀)နာရီလောက်မှာဆိုင်ကယ်တစ်စီးနဲ့လာခေါ်ပါတယ်

မိနစ်(၂၀)လောက်မောင်းလိုက်တာနဲ့

ဟော ကာလာရောင်စုံလင်းနေတဲ့အဆောက်အဦးတွေမြင်ရပြီး

ညီညာပြန့်ဖြူးနေသောလမ်းမကြီးဆီရောက်လာပါပြီ

အခန်းတစ်ခန်းမှာနာရီဝက်လောက်ထားခဲ့တယ်

ကျနော်ထက်အသက်ကြီးသူတစ်ယောက်ကိုကျနော်မေးကြည့်ပါတယ်

ကျနော်အခုဘယ်နေရာရောက်နေပြီလဲအကိုရေပေါ့

ငါ့ညီရေ ဒါဟာထိုင်းနယ်စပ် ရနောင်းမြို့ကလေးပါတဲ့။

ကျနော်သည်ချက်ချင်းစိတ်ထဲမှာတစ်ခုပေါ်ပေါက်လာတယ်

သြော် နယ်စပ်မြို့လေးတောင်တိုးတက်ပြောင်းလဲနေတော့

နာမည်ကြီးမြို့တွေဆိုကြီးကျယ်နေပါပေါ့လား

မြန်မာနိုင်ငံနဲ့တော့ကွာခြားလွန်းပါတယ်လေ။

အချိန်ခဏလေးမှာပင်လူတစ်ယောက်ခေါ်လာပါတယ်

နောက်တစ်နေရာပြောင်းသွားရမယ်ပေါ့

သူသည်ကျနော်ကိုကားပေါ်တင်ပေးလိုက်ပါတယ်

ကားပေါ်မှာဘာပစ္စည်းမှတင်မထားပဲလူထိုင်ခုံသတ်သတ်ပါပဲ

ထိုင်ခုံမှာလည်းသန့်ရှင်းသပ်ရပ်ပြီးရေမွှေးဖျန်းပေးထားတော့ပင်ပန်းလာတာတွေသက်သာသလိုခံစားလိုက်ရတယ်

ကျနော်ကားစီးရခြင်းကိုပင်မြန်မာနိုင်ငံနဲ့ပြန်လည်နှိုင်းယှဉ်နေမိသည်

ကျောက်ဖြူကနေရန်ကုန်ပြေးဆွဲနေတဲ့ကားပေါ်မှာဆိုရင်

လူထိုင်ခုံကြားမှာပစ္စည်းတွေကရှုပ်ပွပြီး

ပစ္စည်းအပေါ်ထက်မှာလည်းထိုင်ခုံမရလိုက်တဲ့ခရီးသည်တွေတော်တော်များများပါကြတယ်

လမ်းတွေဆိုးလွန်းတော့မူးသူကမူး ငိုသူကငို အန်သူကအန်နဲ့ ဘယ်လောက်ပင်ကိုယ်ကစိတ်ကိုတင်းထားပေလည်း

သူတို့လူပင်ထိန်းမနိုင်တော့ဘဲအန်ချမိခဲ့ပါရဲ့

အခုကြတော့အတော်လေးဇိမ်ကျကျနဲ့စီးနေရပါလား

တွေးတွေးရင်းနဲ့ကျနော်ခရီးပန်းလွန်းလို့အိပ်ပျော်သွားခဲ့သည်။

နိုးလည်းနိုးကျလာတော့ ထိုင်းနိုင်ငံတောင်ပိုင်း

ဟတ်ယိုင်မြို့သို့ရောက်နေတော့သည်

ခဏလေးမောင်းလိုက်တာနဲ့ကားဂိတ်လည်းရောက်တော့ ကျနော်သူငယ်ချင်းဆက်သွယ်ထားတဲ့လူတစ်ယောက်

ကားဂိတ်မှာအသင့်စောင့်နေတာတွေ့ရတယ်

ကျနော့်မှာ နေထိုင်ခွင့်ဘာအထောက်အထားမှမရှိတော့ချက်ချင်းပင်

ဆိုင်ကယ်ပေါ်တက်ခိုင်းပြီးမောင်းယူလာခဲ့သည်။

သူငယ်ချင်းဆီရောက်တော့မကြာမီရက်ပိုင်းအတွင်းမှာပင် ပန်းရန်အလုပ်တစ်ခုသို့အလုပ်သွင်းပေးခဲ့ပါတယ်

ပန်းရန်အလုပ်သည်ကားနေကအင်မတန်ပူ၏

သံမှိုသံစူးတွေကြားမှာသတိမြဲစွာထားရသောအလုပ်ပင်ဖြစ်လေသည်

တစ်ခါတစ်လေ(၁၅)ပေလောက်မြင့်သောတိုင်ထိပ်ပေါ်တက်ပြီး ဘိလပ်မြေလောင်းချရတယ်

တစ်ခါတစ်လေထမင်းစားချိန်လွန်သွားခဲ့တယ်

သတိဟူသည်ကားအမြဲထားရလေသည်

ကျန်းမာရေးသတိ သံမှိုစူးခြင်းသတိ အဆောက်အဦးပေါ်မှကြွေကျမယ့်သတိ

ပတ်ဝန်းကျင်သတိ အစားအသောက်ဆင်ခြင်ရသောသတိတို့အမြဲထားရတော့တယ်

ကျနော်သည် အလုပ်ကိုကြိုးစားလုပ်တယ်

အချိန်ကိုတန်ဖိုးထားတယ် အချောင်မခိုပါဘူး

အလုပ်သမားခေါင်းဆောင်သည်လည်းကျနော်နေထိုင်မှုကိုသဘောကျနေတော့သည်။

(၅)လတာဆိုသောအချိန်ကာလတစ်ခုသို့ရောက်ရှိလာပါပြီ လုပ်ရင်းနဲ့ရလာတဲ့ပိုက်ဆံတွေကိုစုဆောင်းထားတာကအတော်လေးစုမိပါပြီ

ဒီတစ်နေ့မှာတော့အမေ့ဆီဖုန်းဆက်ပါတော့တယ်

အမေရေ သား အမေ့ဆီပိုက်ဆံလွဲှလိုက်ပါပြီ

အမေ မနေ့ဖြန်သွားထုတ်ယူလိုက်ပါအမေ

ကျနော့်အမေသည်ဝမ်းနည်းခြင်းများစွာနဲ့ သားရဲ့အသံကိုကြားနေခဲ့ပေမယ့်

စကားတွေပြောမထွက်ခဲ့တော့ချေ

အမေ


📝 သုံးသပ်ချက်များ။ ။ Lily ThanTin 彭霓霓

ဤစာပုဒ်သည် ရွှေ့ပြောင်းလုပ်သားဘ၀အစကို မှတ်တမ်းတင်ထားသောစာဖြစ်သည်။ ရိုးရှင်းပြေပြစ်သည့်အရေးအဖွဲ့ဖြင့် ရွှေပြောင်းလုပ်သားဖြစ်ခဲ့ပုံကို ကျစ်ကျစ်လစ်လစ်တင်ပြထားသည်။ ဖြစ်စဉ်ပြရေးနည်းနှင့် သရုပ်ဖော်ရေးနည်းများကို ရောနှောရေးဖွဲ့ ထားပြီး ရွှေ့ပြောင်းလုပ်သားတစ်ဦး၏ ခရီးစဉ်အစတွင် ကြုံတွေ့ရသည့် အဖြစ်အပျက်များ ၊မြင်ကွင်းများကို ရွှေ့ပြောင်းလုပ်သားမဟုတ်သူများပါ သိမြင်ခံစားနိုင်စေရန် အချက်အလက်ပေးထားသည်။

မှတ်တမ်းထဲက မိုးနိုင်သည် မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများကြုံတွေ့ရလေ့ရှိသည့် မပြည့်စုံသည့်လူမှုဘ၀မှ ပြည့်စုံဖူလုံသည့် လူမှုဘ၀သို့ ပြောင်းလဲရန် ဆန္ဒဖြင့် နိုင်ငံခြားတွင် အလုပ်ထွက် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ နိုင်ငံခြားတွင်ခရီးထွက်၍ အလုပ်လုပ်သည်ဆိုသော်လည်း တရားမဝင်လမ်း ကြောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။ သူဖြတ်သန်းခဲ့သည့် တရားမဝင်လမ်းကြောင်း ၏ ဒေသန္တရအနေအထား၊ ပထဝီအနေအထားများ၊ ကားဖြင့်တစ်မျိုး၊ ဆိုင်ကယ်ဖြင့်တစ်ဖုံ ၊ လှေဖြင့်တစ် နည်း ကုန်းတစ်တန်ရေတစ်တန် ဖြတ်ကျော်ပြီးမှ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပုံကို မျက်စိထဲပေါ်လာအောင် ရေးသားထားသည်။

နိုင်ငံရပ်ခြားတွင် လုပ်ရသည့် အလုပ်ဆိုသော်လည်း ထွေထွေထူးထူးမဟုတ်ဘဲ ပန်းရံအလုပ်ဖြစ် ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကိုလည်း သတိပြုရကြောင်းနှင့် အလုပ်ရှင် ခိုင်းချင်အောင် အလုပ်ကြိုစား ရကြောင်း ဖော်ပြခြင်းဖြင့် လူအများကြားဖူးလေ့ရှိသည့် ရွှေ့ပြောင်းလုပ်သားများ၏ အတွေ့အကြုံနှင့် ထင်ဟပ်စေသော မှတ်တမ်းကောင်းတစ်ခုဖြစ်ပါသည်။